၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ

       ၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ Hotel Max ၊ ကုမုဒြာခန်းမ၌ ကျင်းပခဲ့ပါသည်။
    အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊  ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သောအမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း (၁၆) ရက်တာလှုပ်ရှားဆောင်ရွက်မှုများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် အိမ်တွင်းအကြမ်းဖက်မှုမှစ၍ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များမှလည်းကောင်း မတူညီသောဝန်းကျင်နေရာဒေသအလိုက် တိုးပွားလျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး မိမိတို့အားလုံးအတူတကွစုပေါင်းကာ တားဆီးကာကွယ်၍ရနိုင်ပါကြောင်း၊ အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာဖြစ်စေသည့်အပြင် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ ယခုနှစ် ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီး ဆောင်ပုဒ်၏ အဓိကအလေးပေးလိုသည့်အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍများတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာအင်အားများဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း စီဒေါ (CEDAW) ကိုလက်မှတ်ရေးထိုးထားပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှု ကြုံတွေ့ရပါက သတင်းပို့တိုင်ကြားနိုင်ရန် (၂၄) နာရီ Helpline  ဖုန်း “1566” (4 Digits) ကို ဖွင့်ထားပြီး တိုင်ကြားမှုများလက်ခံ၍ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ အမျိုးသမီးများ၏လုံခြုံမှုအတွက် ယာယီနားခိုရာနေရာများကို ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေမြို့တို့တွင် စီစဉ်ထားရှိပြီး၊ အခြားသော ဝန်ဆောင်မှုများ ရရှိနိုင်ရေးချိတ်ဆက်ပေးခြင်း ညွှန်းပို့ပေးခြင်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ထို့အတူသက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများသည်လည်း မိမိတို့၏စီမံကိန်းများတွင် အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများပပျောက်အောင် ဝိုင်းဝန်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများလျော့နည်းပပျောက်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter