ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်း Level-1 ဖွင့်ပွဲအခမ်းအနားတက်ရောက်

  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်း Level-1 ဖွင့်ပွဲအခမ်းအနားကို (၁၄.၁၂.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Max ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ရုံးချုပ်က တာဝန်ရှိသူများ သင်တန်းကျောင်းအသီးသီးက သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအတွက် သင်တန်းကျောင်းများဖွင့်လှစ်၍ စောင့်ရှောက်ပေးလျက်ရှိရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့်အရည်အချင်းများ ပြည့်ဝရေးသည် အရေးကြီးသဖြင့် ယခုကဲ့သို့စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား မိမိကိုယ်ကိုတန်ဖိုးထားတတ်စေပြီး ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကို လူမှုဝန်ထမ်းနည်းလမ်းများဖြင့် အဓိကဖော်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ စောင့်ရှောက်ပေးရသော ကလေးသူငယ်၊ လူငယ်နှင့် အမျိုးသမီးစသည့် အမျိုးအစားအလိုက် ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့အတွက် နွေးထွေးလုံခြုံသောပတ်ဝန်းကျင်နှင့် နည်းစနစ်တကျစောင့်ရှောက်ပေးခြင်းတို့သည် နောင်အနာဂတ်မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းသမားများ၏ ကျင့်ဝတ်စည်းကမ်းနှင့် လူမှုဝန်ထမ်းဆိုင်ရာဘာသာရပ်များကို သိရှိနားလည်ခြင်းဖြင့် ရပ်ရွာ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက်များစွာ အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်တာကြောင့် သင်တန်းမှပို့ချပေးသည့်နည်းလမ်းများကို လက်တွေ့နယ်ပယ်မှာ ထိရောက်စွာပြန်လည် အသုံးချစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေး(၇)ခု၊ လူငယ်နှင့် အမျိုးသမီး သင်တန်းကျောင်း(၁၆)ကျောင်းမှ သင်တန်းသား/သူ (၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၄.၁၂.၂၀၂၃) ရက်နေ့မှ (၁၅.၁၂.၂၀၂၃) ရက်နေ့အထိ (၂) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။    

FacebookTwitter