ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုံရှိ သင်္ဂဟဟိုတယ် Grand Ball Room ၌ ကျင်းပသည့် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၂၅

              အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ လွတ်တော်ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNICEF (မြန်မာ) မှကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးပွဲသည် အမျိုးသားအဆင့်ကျင်းပသော ညီလာခံတစ်ခုဖြစ်ပါကြောင်း၊ ဤညီလာခံမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာနှင့် တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်နိုင်မည့် ရလဒ် ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပါကြောင်း။

              လူမှုရေးကာကွယ်စောင့်ရှောက်မှု Social Protectionဆိုသည့် စကားရပ်သည် ကျယ်ပြန့်လှ သကဲ့သို့ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုသည်မှာလည်း မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် ကြီးမားလှသည့် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာမူဘောင်(Social Protection Strategy Framework)ကို ရေးဆွဲဆောင်ရွက်သည့်နေရာတွင် ကဏ္ဍစုံဖြစ်ရန် လိုအပ်သကဲ့သို့ အားလုံးပါဝင် ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်နေသော အမျိုးသား လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့်လည်း အံဝင်ခွင်ကျဖြစ်ရန်လိုအပ်ပါ ကြောင်း၊ ကလေးသူငယ်များ၊ အားနည်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများအတွက် လူမှုအကာအကွယ်စီမံကိန်းများအပါအဝင် အလွှာစုံ၊ ကဏ္ဍစုံ လိုအပ်ချက် များကို အခြေခံပြီး မြန်မာ့လူမှုရေးကာကွယ်စောင့်ရှောက်မှုစနစ်(Myanmar Social Protection System)ကို ဖော်ထုတ်ရေးဆွဲကြရမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ ပရဟိတအဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများသည်လည်း လူမှုှအကာအကွယ်ခြုံလွှမ်းနိုင်ရေး အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိပါကြောင်း။

              လူတန်းစားကွာဟချက်ရှိနေသေးသကဲ့သို့ ဝင်ငွေဖြန့်ခွဲမှုမညီမမျှရှိနေဆဲဖြစ်သော မိမိတို့နိုင်ငံ၌ ထိုသို့မညီမျှမှုများကြောင့် အားနည်းသူ ပြည်သူများအတွက် အခက်အခဲဖြစ်နေခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူမှုအကာအကွယ် ကွန်ရက်ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်ကြသည့်နေရာတွင် နိုင်ငံအသီးသီးအနေဖြင့် ပကတိအခြေအနေမှန်ပေါ် မူတည်ပြီး မူဝါဒချမှတ်မှု အမျိုးမျိုးကွဲပြားနေ သော်လည်း ဦးတည်ချက်များမှာ တူညီကြပါကြောင်း၊  မိမိတို့နိုင်ငံအတွက် ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများသည် မြို့ပြဒေသများနှင့် နှိုင်းယှဉ်လျှင်နိမ့်ကျနေသည်ကို တွေ့ရပါကြောင်း၊ဒေသဖွံ့ဖြိုးမှုကွာခြားချက်များသည် လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံများနှင့် စီးပွားရေးအခွင့်အလမ်းများ အပေါ်မူတည်ပြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါကြောင်း။  

              မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ရသည့်အချိန်တွင် ပထမ ဆုံးအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာ ရေးဆွဲခဲ့ပြီး ထိုမဟာဗျူဟာအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းထားသည် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြင့်မားနေဆဲဖြစ်ပြီး ဝင်ငွေနည်းသော ပြည်သူများ၏ လူမှုှ- စီးပွားဘက်စုံတိုးတက်လာရေးသည် မိမိတို့အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ မိုက်ခရိုအဆင့် လူမှု-စီးပွားတိုးတက်မြင့်မားရေးဆိုရာတွင်လည်း မိုက်ခရိုစီးပွားရေးတည်ငြိမ်ကောင်းမွန်ရေးနှင့် ဆက်စပ်နေသည့်အတွက် ဒုတိယဦးစားပေး အနေဖြင့် မိုက်ခရိုစီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာကို ဆက်လက်ဖော်ဆောင်ခဲ့ပါကြောင်း။

              ပြည်သူတစ်ဦး၏ အခြေခံလိုအပ်ချက်သည် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရန် ဖြစ်သကဲ့သို့ လုံခြုံစိတ်ချရသော ဝင်ငွေ၊ တစ်နည်းအားဖြင့် အလုပ်အကိုင်ရရှိရန် ဖြစ်ပါကြောင်း၊ ယင်းအခွင့်အလမ်းရရှိစေရေးအတွက် ပညာသင်ကြားခွင့်၊ လူမှုအစောင့်အရှောက် အရိပ်အာဝါသကို ခိုလှုံနိုင်ခွင့်ရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် အလုပ်သမားအခွင့်အရေးများ၊ တောင်သူလယ်သမားအခွင့်အရေး၊ တိုးတက်ရရှိစေရန်လိုအပ်သော ဥပဒေများ အသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ချက်ဖြင့်ပြဋ္ဌာန်းခြင်း၊ ခေတ်ကာလနှင့်မလျော်ညီသော ဥပဒေများကို ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နေသကဲ့သို့ ကျေးလက်နေဝင်ငွေနည်းပြည်သူများ အတွက် ယူနီဗာဆယ်ကျန်းမာရေးအာမခံစနစ် ထူထောင်နိုင်ရန်လည်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်စေခဲ့ပါကြောင်း၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် အခြေခံလူမှုဖူလုံ ရေးများရရှိခံစားနိုင်စေရေးနှင့် အနိမ့်ဆုံးလစာနှုန်းထား သတ်မှတ်နိုင်ရေးအတွက်ကိုလည်း ဥပဒေ ပြဋ္ဌာန်းရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊

              ဂျီဒီပီကိန်းဂဏန်းတိုးတက်မှုသာမကပြည်သူများရှင်သန်နေထိုင်နိုင်မည့် လူမှုပတ်ဝန်းကျင်ကိုပါ တိုးတက်မှုများဖြစ်ပေါ်လာစေရန် မိမိတို့၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကပင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့်( Second Wave Reform Strategy) ကို အကောင်အထည်ဖော်မည့် နည်းလမ်းများ အသေးစိတ်ချပြခဲ့ပြီး ဖြစ်ပါကြောင်း၊  ထိုပြုပြင် ပြောင်းလဲ မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သည့်နေရာတွင် ယခုကဲ့သို့ လူမှုအကာအကွယ်အစောင့်အရှောက်များကို အားဖြည့်ပံ့ပိုးပေးခြင်းအားဖြင့် ညီညွတ်မျှတပြီး သဟဇာတဖြစ်သည့် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကို မိမိတို့ ဝိုင်းဝန်းတည်ဆောက်နိုင်မည်ဟု ယုံကြည်ထားကြောင်း။

              သို့သော် ယင်းတာဝန်ကြီးသည် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် ကြီးလေး သောတာဝန်ကြီးတစ်ရပ်ဖြစ်နေသည်ဆိုသည်ကိုလည်း ပွင့်ပွင့်လင်းလင်းပင် ပြောကြားလိုပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုအများကြီးလိုအပ်ပါ ကြောင်း၊ အင်နှင့် အားနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်မှသာ မိမိတို့မျှော်မှန်းသော ကဏ္ဍစုံ တွင် အားလုံးပါဝင်နိုင်သော မြန်မာ့လူမှုရေးကာကွယ်စောင့်ရှောက်မှုစနစ် (Integrated and All Inclusive Myanmar Social Protection System Goals) ခိုင်ခိုင်မာမာထူထောင်တည်ဆောက်နိုင် မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံ တကာအဖွဲ့အစည်းများကိုလည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ပါကြောင်း၊ အားနည်သူများ၊ ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်နေသည့် ကွက်လပ်များဖြည့်ပေးကြပါ၊ သူတို့၏ ရှင်သန်နေထိုင်မှုဘဝအဓိပ္ပါယ်များ ပြည့်ဝလာအောင်၊ အလုပ်လက်မဲ့ပြည်သူများ၊ ဝင်ငွေနိမ့်ပြည်သူ များအတွက် မျှော်လင့်ချက်များရှင်သန်လာအောင် ကူညီပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊

              မိမိတို့ပြည်သူများသည်လည်း ကမ္ဘာ့မိသားစုကြီးထဲက ကမ္ဘာ့ပြည်သူများဖြစ်သကဲ့သို့ ယင်းအထဲမှာ ပါဝင်သော မသန်စွမ်းသူများ၊ အာဟာရမပြည့်ဝသည့်ကလေးသူငယ်များ၊ ဆေးဝါး လိုအပ်ချက်ရှိနေသော HIV/AIDS ဝေဒနာရှင်များနှင့် အလုပ်လက်မဲ့လူငယ်များသည်လည်း နိုင်ငံခြား မှ နိုင်ငံသားများကဲ့သို့ ကမ္ဘာ့ပြည်သူများဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ လူမှုအကာအကွယ်လိုအပ်ချက် များ အများကြီးရှိနေကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ ၏ လစ်လျူရှုခြင်းနှင့် အခွင့်အရေးများ ပိတ်ပင်တားမြစ်ခြင်းတို့ကို ခံကြရပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ သည် နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိတ်ခေါ်ကမ်းလှမ်းပြီး တံခါးဖွင့်ကြိုဆိုနေပါကြောင်း၊ မိမိတို့၏ တံခါးဖွင့်မှုကို အပြုသဘောဖြင့် လက်ခံကြိုဆိုပြီးပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့ တံခါးဖွင့်လှစ်မှုသည် မိမိတို့နိုင်ငံပြည်သူများအားလုံးအတွက်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူများ၊ အထူးသဖြင့် လူမှုကာကွယ်စောင့်ရှောက်မှုများကို အရေးတကြီးလိုအပ်နေသော အားနည်းသူများ အတွက်အမြန်ဆုံးအကူအညီပေးကြရန် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်အောင် အလေးထားဆောင်ရွက်နေခြင်းသည်လည်း ယင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အဓိကရည်ရွယ်ခြင်းဖြစ်ပါကြောင်း။

              မိမိတို့နိုင်ငံသားများအတွက် မိမိတို့အစိုးရအဖွဲ့သည် တာဝန်ရှိသည်ဆိုသော ခံယူချက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ လူမှုဖူလုံရေး၊ လူမှုအကာအကွယ်အစောင့်အရှောက်ဆိုသည်မှာ နိုင်ငံတော် အစိုးရ၏ စိတ်ရင်းစေတနာအပြင် လူမှုရေးရန်ပုံငွေ (Social Financing) ကဲ့သို့ ဘဏ္ဍာရေး အရင်းအမြစ်များ အများကြီးလိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အလုပ်လက်မဲ့ပြည်သူများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပိုမိုရရှိရေး၊ အလုပ်သမားများအတွက် ခိုင်မာသော လူမှုဖူလုံရေး စောင့်ရှောက်မှုများ ရရှိရေးတို့အတွက် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်နေပါကြောင်း၊ လူမှု အကာအကွယ်အစောင့်အရှောက် တိုးချဲ့ဆောင်ရွက်ရာတွင် ဥပဒေကြောင်းအရ  အခိုင်အမာ အထောက်အကူပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဤဆွေးနွေးပွဲမှ မိမိတို့နိုင်ငံ၏ အခြေအနေမှန်ကို ထင်ဟပ်နိုင်သော ဥပဒေ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပြုချက်များ ပေါ်ထွက်လာရန် မျှော်လင့်ထားပါ ကြောင်း၊

              မိမိတို့နိုင်ငံ၏ လူမှုဖူလုံရေးဆောင်ရွက်ပေးနိုင်မှု စစ်တမ်း၊ တိုးမြှင့်ဖော်ဆောင်ပေးရမည့် လိုအပ်ချက်၊ မူဝါဒနှင့် မဟာဗျူဟာရေးဆွဲမှု၊ ချမှတ်လိုက်သော စီမံကိန်းကာလများအတွင်း အကောင် အထည်ဖော်နိုင်မှု ဆန်းစစ်ချက်၊ မူဝါဒဆိုင်ရာ ပြန်လည်ညှိနှိုင်းပြင်ဆင်ချက်စသည့် ကိစ္စရပ်များအပေါ် ရေရှည်စောင့်ကြည့်လေ့လာသွားနိုင်ရန်အတွက် အမျိုးသားအဆင့် အဆင့်မြင့်အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်မည်ဟု အကြံပြုပြောကြားလိုပါကြောင်း၊ ယင်းအဖွဲ့အစည်းမှာ နိုင်ငံ တကာ တတ်သိပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အလှူရှင်/အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့ အစည်းက ချမှတ်လိုက်သော မဟာဗျူဟာကို လေ့လာဆန်းစစ်ပြီး လက်တွေ့အကောင်အထည်ဖော် နိုင်မှုအပေါ် တွေ့ရှိသုံးသပ်ချက်များကိုမူဝါဒချမှတ်သူများနှင့် ပြည်သူလူထုသိရှိအောင်တင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။

              နိဂုံးချုပ်အနေဖြင့် ဤညီလာခံမှ မိမိတို့နိုင်ငံ၏ လူမှုရေးကာကွယ်စောင့်ရှောက်မှုအတွက် ရှေ့ဆက်မည့် မဟာဗျူဟာများ လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်ပေးရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ဤမဟာဗျူဟာ လုပ်ငန်းအစီအစဉ်များတွင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များနှင့်လည်း ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကိုလည်း အကြံပြုပေးစေလိုပါကြောင်း၊ မိမိတို့ပြည်သူများအတွက် မဟာဗျူဟာသဘောဆောင်ပြီး လက်တွေ့ကျသော အကျိုးရလဒ်ကို ဖော်ဆောင်ပေးကြပါဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ရာတွင် အလုပ်သမားများနှင့် လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒ ပြုပြင်ပြောင်းလဲမှုများအတွက် စိန်ခေါ်မှုများ ကိုရင်ဆိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးရည်မှန်းချက်များကို အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးကိစ္စရပ်များတွင် လုပ်သား ထုအတွက် သက်ကြီးပင်စင်ခံစားခွင့်နှင့် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းတို့အပါအဝင် ထိရောက်သော ခံစားခွင့်များ ပိုမိုရရှိရေး ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး ဥပဒေအသစ်မူကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီးလည်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူလူထုအတွက် လူမှုရေးအကာအကွယ်ပေးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန် လူမှုရေးအကာအကွယ်ပေးမှှု အစီအစဉ်သစ်တစ်ရပ် ချမှတ်ထူထောင်နိုင်ရေး အတွက်လည်း ယနေ့ဤညီလာခံကြီးကို ကျင်းပနေခြင်း ဖြစ်ပါကြောင်း။

              ဤမွန်မြတ်သောလူမှုအကာအကွယ်ပေးရေးအစီအစဉ်သည် ပြည်သူလူထု၏ အသက် မွေးဝမ်းကျောင်းမှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသည့်အပြင် ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် အခွင့်အရေးများတိုးပွားရရှိလာစေနိုင်မည်ဖြစ်ပါကြောင်း၊ ကလေး သူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊ မသန်စွမ်းသူများအား  ကာကွယ်စောင့်ရှောက်ခြင်းနှင့် ရုတ်တရက်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်တုန့်ပြန်ခြင်းကဲ့သို့သော နယ်ပယ်အားလုံးကို လည်းလွှမ်းခြုံအကျုံးဝင်စေမည်ဖြစ်ပါကြောင်း၊ ဤညီလာခံမှ ဆွေးနွေးမှုများသည် ပြည်သူလူထု အတွက် လူမှုရေးအကာအကွယ်ပေးရေး ကိစ္စရပ်အပေါ် မိမိတို့၏ စဉ်းစားတွေးခေါ်မှုနှင့် ချဉ်းကပ်မှု တို့ကို ရှင်းလင်းခိုင်မာစွဲမြဲစေရန် အထောက်အကူများစွာရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

              ယင်းနောက် UNICEF ဌာနေကိုယ်စားလှယ် Dr. Ramesh Shresha က နှုတ်ခွန်းဆက် စကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

              ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။

              ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဧည့်သည်တော်များသည် ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

              ယင်းနောက်အခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပပြီး အဆိုပါ ညီလာခံ အခမ်းအနားကို ဇွန် ၂၆ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

FacebookTwitter