ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင် ရန်ကုန်တိုင်း ဒေသကြီးရှိ လူမှုဝန်ထမ်း ကျောင်း၊ ဌာနများ ကြည့်ရှုစစ်ဆေး။

ရန်ကုန်၊ စက်တင်ဘာ (၁၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် သည်၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် ၉း၀၀ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၆၅) ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း အစည်းအဝေး ခန်းမတွင် လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း၊ ဌာနများမှ ကျောင်းအုပ်၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။

      ရှေးဦးစွာ ကျောင်းအုပ်၊ တာဝန်ခံများက လူမှုဝန်ထမ်း လုပ်ငန်းရပ်များ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် လူမှုဝန်ထမ်း၊ အတတ်သင် သိပ္ပံကျောင်းရှိ မူကြိုဆရာမများ သင်တန်း၊ ကွန်ပျူတာ သင်တန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

      ၎င်းနောက် မသန်စွမ်းသက်ကြီး သင်တန်းကျောင်းတွင် အသက်မွေးမှု ပညာရပ်များဖြစ်သည့် ကွန်ပျူတာ သင်တန်း၊ ဓါတ်ပုံသင်တန်း၊ စက်ချုပ်သင်တန်း၊ အီလက်ထရောနစ် သင်တန်း၊ ဆံသသင်တန်းနှင့် ပိုးဇာပုံနှိပ် လုပ်ငန်း၊ သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဒုတိယ ဝန်ကြီးသည် သန်စွမ်းကလေးများ သင်တန်းကျောင်းတွင် အထူးပညာရေး (Special Education) သင်ကြား လေ့ကျင့်ပေးနေမှုနှင့် Japan International Coorperation Agency (JICA) မှ လက်သင်္ကေတပြ ဘာသာစကား (Sign Language) သင်ကြားနေမှု တို့ကို ကြည့်ရှု့အားပေးသည်။

      ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်၍ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။ စက်တင်ဘာလ(၁၄) ရက်နေ့တွင် နံနက် ၉း၀၀ နာရီတွင် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနရှိ အသက်အုပ်စုအလိုက် ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ ကလေးငယ်များကို ကြည့်ရှု့စစ်ဆေးသည်။

     ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်အိမ်တွင်းမှု အတတ်ပညာ သင်ကျောင်းတွင် မြန်မာ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း၊ အချက်အပြုတ် သင်တန်းနှင့် ကျားဝတ်၊ မဝတ်၊ ဇာဘော်လီ၊ သိုးမွေးထိုး သင်တန်းနှင့် စက်ချုပ်သင်တန်းများ သင်ကြားနေမှုကို ကြည့်ရှု့အားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ စံပြ ရင်သွေးအိမ် မူလတန်းကြိုကျောင်းသို့ သွားရောက်၍ မူကြိုကလေးငယ် များအား ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ပညာ (Early Childhood Care and Development)ဖြင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးမှု တို့ကို ကြည့်ရှု့အားပေးသည်။

      ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မရမ်းကုန်းမြို့နယ်၊ မလိခလမ်းရှိ အမျိုးသမီး ကလေးများ သင်တန်းကျောင်းသို့ သွားရောက်၍ ကြည့်ရှု့စစ်ဆေးပြီး၊ ကျောင်းအတွင်း ဖွင့်လှစ်ထားသော အမှတ်(၂) မူလတန်းကျောင်းတွင် စာသင်ကြားနေမှုကို ကြည့်ရှု့စစ်ဆေးသည်။

      စက်တင်ဘာလ(၁၅)ရက်နေ့တွင် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း နှင့်အတူဗဟန်းမြို့နယ် ၊ နတ်မောက်လမ်းသွယ် (၁)ရှိ၊ အမျိုးသမီး သက်မွေးပညာသင်ကျောင်းနှင့် ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဌာနများသို့ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် မူကြိုဆရာမများ အနေဖြင့် မူကြိုရင်သွေးငယ်များအား မိမိ သားသမီးကဲ့သို့ စောင့်ရှောက် သင်ကြား လေ့ကျင့်ပေးသွားရန်နှင့် သင်တန်းကျောင်းများမှ လူမှုဝန်ထမ်း ဝန်ထမ်းများသည် ကလေးငယ်များ၏ ဝါသနာကို မှတ်တမ်းတင် ထားရှိပြီး အရွယ် ရောက်လာသောအခါ မိမိ ဝါသနာပါရာ ထူးချွန်မှု ပညာရပ်များအား ချိတ်ဆက် သင်ကြား လေ့ကျင့်ပေးသွားရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

FacebookTwitter