အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲအခမ်းအနား

နေပြည်တော်၊ နိုဝင်ဘာလ( ၅ )ရက် -

    ၂၀၀၈-၂၀၀၉ခုနှစ်၊ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၈.၃၈သန်း ရှိသည့် အနက် ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ကြောင်း၊ ယင်းတို့အနက် အမျိုးသမီးများ အနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ၆၃.၉၉%၊ ပညာရေးကဏ္ဍတွင် ၇၆.၆၄%နှင့် စီမံအုပ်ချုပ်မှု ကဏ္ဍတွင် ၅၀.၉၉%ရှိနေသည်ကို ထောက်ရှုခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် သစ်ကြီးကို တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍကို တွေ့မြင်ကြရ မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ စွမ်းအားကို အလေးပေးပြီး အပြည့်အဝအသုံးပြုရန်နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ဘေဂျင်းညီလာခံကြီးမှ ချမှတ်လိုက်သည့် လုပ်ငန်းများကို  နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ် ကြောင်းဖြင့် (၅.၁၁.၂၀၁၂)ရက်နေ့ နံနက် ၁၀နာရီတွင် ကျင်းပသည့် "အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရေး"ဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က ပြောကြားသည်။

    နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ် "function hall"၌ ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသား လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာမြဦးနှင့်  အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ UN Women, UNFPA, UNDP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ခွဲခြား ဆက်ဆံမှု ပပျောက်ရေး

    ဆွေးနွေးပွဲအခမ်းအနားတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသဂ္ဂသဘောတူစာချုပ် UNCEDAW နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အမျိုးသမီးများစွမ်း ဆောင်ရည် မြင့်မားမှုကို ဖော်ဆောင်နိုင်မည့် ကိစ္စရပ်များအပေါ် အခမ်းအနားသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများက အသီးသီးရှင်းလင်း ဆွေးနွေးကြ ကြောင်းသိရှိရသည်။

FacebookTwitter