Latter Day Saint Charities မှ ဘီးတပ်ကုလားထိုင် (၉၅)စီးနှင့် မသန်စွမ်းသုံး အထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းပွဲ အခမ်းအနား

နေပြည်တော်၊ မတ်လ (၂၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသို့ အမေရိကန်နိုင်ငံ Latter Day Saint Charities မှ ဆဋ္ဌမအကြိမ်မြောက် ဘီးတပ်ကုလားထိုင် (၉၅)စီးနှင့် မသန်စွမ်းသုံး အထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ Latter Day Saint Charities, Country Director မှ ဘီးတပ်ကုလားထိုင်များနှင့် မသန်စွမ်းသုံး အထောက်အကူပြု ပစ္စည်းပေးအပ် လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘီးတပ်ကုလားထိုင်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ လက်ခံရယူခဲ့ပါသည်။

    ဆက်လက်၍ Latter Day Saint Charities, Wheel Chair Training သင်တန်းတက်ရောက်သူ (၁)ဦးမှ သင်တန်းအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်မှ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် နိုင်ငံတော် အစိုးရ၏ အင်အားသာမက ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ၏ နည်းပညာ အထောက်အပံ့ ပစ္စည်းများလည်း လိုအပ်ပါကြောင်း၊ Latter Day Saint Charities အဖွဲ့အစည်း အနေနဲ့ မသန်စွမ်းသူတွေအတွက် အဓိကလိုအပ်နေတဲ့ Wheel Chair တွေကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စပြီး လှူဒါန်းခဲ့ရာ ယခု ဆဋ္ဌမအကြိမ်နဲ့ ဆိုရင် စုစုပေါင်း အစီးရေ (၁၄၇၀) ရှိပြီ ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန အနေနှင့်လည်း ဒီလိုလှူဒါန်းရရှိသည့် Wheel Chair များကို အမှန်တကယ် လိုအပ်သည့် ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ အသက်အရွယ်  ကြီးရင့်သည့် သံဃာတော် များ၊ ဆေးရုံအသီးသီးမှ ဝေဒနာရှင်များကို လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဆိုလျှင် ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ အကျိုးရှိရှိ အသုံးပြုနေကြပြီ ဖြစ်ကြောင်း၊ Latter Day Saint Charities အဖွဲ့၏ ပံ့ပိုးကူညီလှူဒါန်းမှုတွေဟာ မြန်မာနိုင်ငံအရပ်ရပ်ရှိ မှီတင်းနေထိုင်ကြတဲ့ မသန်စွမ်းသူများနှင့် မသန်စွမ်းသူများ အတွက်ပါ အကျိုးများစေခဲ့ကြောင်း၊ မသန်စွမ်းသူများအတွက် အခြားလိုအပ်သော ခြေတု၊ လက်တုများ တပ်ဆင်ပေးခြင်းနှင့် ဂျိုင်းထောက်များ၊ အားပြုကိရိယာများလည်း ပံ့ပိုးခြင်းများ ဆောင်ရွက် ပေးနေကြောင်း သိရှိရသည့် အတွက် မြန်မာနိုင်ငံရဲ့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးတက် အောင်မြင်အောင် စေတနာ သဒ္ဒါတရား ထက်သန်စွာ ဆောင်ရွက်ပေးခဲ့သည့် Latter Day Saint Charities အဖွဲ့ဝင်များ အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter