အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ (၂)ရက် -

        မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (United Nations Convention on Elimination  of all Forms of Discrimination Against Women – UNCEDAW) ကို ၁၉၉၇ ခုနှစ်၌  သဘောတူ လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ အဆိုပါ သဘောတူစာချုပ် အဖွဲ့ဝင် နိုင်ငံများ၏ တာဝန် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသည် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို တိတိကျကျ ပြဌာန်း ဆောင်ရွက်ရန် လိုအပ်လာပါကြောင်းဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံ ဥပဒေများနှင့် စီဒေါ သဘောတူစာချုပ်၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း (Draft on Anti-Violence Against Women Law)ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားကြောင်း။

       ထို့ပြင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ၊ မျိုးဆက်ပွား ကျန်းမာရေး ဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေများတွင် ပါဝင်သော အမျိုးသမီးဆိုင်ရာ ပြဌာန်းချက်များမှာ ကွဲပြားနေကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို အပြည့်အ၀ ကာကွယ်စောင့်ရှောက် နိုင်ရေးအတွက် အဆိုပါ တည်ဆဲ ဥပဒေများကို လေ့လာခြင်း၊ UNCEDAW စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ခြင်းများ အပြင် အာဆီယံ နိုင်ငံများနှင့် အခြားကမ္ဘာ့ နိုင်ငံများတွင် ပြဌာန်းထားသည့် အမျိုးသမီးဆိုင်ရာ ဥပဒေများနှင့် နှိုင်းယှဉ်သုံးသပ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတစ်ရပ်ကို ပြဌာန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

      လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ကျား/မရေးရာ တန်းတူညီမျှဖြစ်ရေး ကွန်ရက်အဖွဲ့ (GEN)နှင့် ပူးပေါင်းကာ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပါကြောင်း၊ ထိုဥပဒေကြမ်း ရေးဆွဲ ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာဒေသအတွင်း အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားမှု၊ လျစ်လျူရှုမှု၊ ခေါင်းပုံဖြတ်မှှုများ၊ အထူးသဖြင့် အိမ်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်များကို ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း စသည့် လုပ်ငန်းများကိုလည်း သိသိသာသာ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိသော ရလဒ်များသည် မြန်မာအမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း ရေးဆွဲရာတွင် များစွာအထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံကြည်သည့်အတွက် တက်ရောက်လာကြသော ကိုယ်စားလှယ်များ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြ စေလိုကြောင်း ဖြင့်လည်း ထပ်လောင်းပြော ကြားသွားကြောင်း။

       ထို့နောက် ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် ပဲ့ကိုင်ကော်မတီဝင်နှင့် Country Director AFXB မှ စီမံကိန်း ညွှန်ကြားရေးမှူး ဒေါ်ပန်စီထွန်းသိန်းက ကြိုဆို နှုတ်ခွန်းဆကစကား ပြောကြားပြီး တက်ရောက် လာကြသူများက ခေါင်းစဉ်အလိုက် အကြံပြု ဆွေးနွေး တင်ပြကြကြောင်း။

 

အကြမ်းဖက်မှုတားဆီးကာကွယ်ရေး

 

      အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ ကော်မတီ ဥက္ကဌများနှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း ရေးဆွဲနိုင်ရေး လုပ်ငန်းကော်မတီ ဝင်များ၊ GEN မှ အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြကြောင်း။

      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖော်ဖော်ဝါရီ ၃ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

FacebookTwitter