၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား မြန်မာနိုင်ငံလုံး ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Derek Mitchell လာရောက်တွေ့ဆုံ

နေပြည်တော် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား မြန်မာနိုင်ငံလုံး ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Derek Mitchell နှင့် ပဋိပက္ခနှင့် တည်ငြိမ်ရေးဆိုင်ရာ ဆောင်ရွက်မှု ဗျူရိုမှ လက်ထောက် အတွင်းရေးမှူး Mr. Frederrick Durie Barton ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ုသည် ယနေ့ နံနက်ပိုင်း (၁၁း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာ ခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ယင်းသို့ တွေ့ဆုံရာ၌ ကယားပြည်နယ်နှင့် မိုင်းအန္တရာယ် မြင့်မားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်လျက် ရှိသော မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး အစီအစဉ်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စစ်တမ်းကောက်ယူမှုများ၊ စီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နည်းပညာ ထောက်ပံ့မှု အပါအဝင် အခြားလိုအပ်သော ထောက်ပံ့မှုများ ကူညီဆောင်ရွက်ရန်နှင့် အရေးပေါ် ကူညီမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter