အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အရည်အသွေး အခြေပြု သုတေသန စာတမ်း အဆိုပြုလွှာ မူကြမ်း ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသော အမျိုးသမီးများအား အကြမ်းဖက်မှု ဆိုင်ရာ အရည်အသွေး အခြေပြု သုတေသန စာတမ်း အဆိုပြုလွှာ မူကြမ်း ဆွေးနွေးပွဲ၌ ယခုအချိန်အခါတွင် ကျား/မ ရေးရာ တန်းတူ ညီမျှမှုကို တစ်ကမ္ဘာလုံးက အာရုံစိုက်လျက် ရှိကြောင်း၊ မြန်မာ အမျိုးသမီးများ အနေဖြင့် အခြားနိုင်ငံ၊ အခြားဒေသများက အမျိုးသမီးများကဲ့သို့မဟုတ်ဘဲ သင့်လျော်သည့် အခွင့်အရေး များကို ဘိုးဘွားစဉ်ဆက် ရရှိခံစားလျက် ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အမျိုးသားအဆင့် ကလေးသူငယ်များ အခြေအနေ ဆိုင်ရာ စစ်တမ်း၊ မသန်စွမ်းသူများ အခြေအနေ ဆိုင်ရာ စစ်တမ်းနှင့် သက်ကြီးရွယ်အို များဆိုင်ရာ အခြေအနေ စစ်တမ်းတို့ကို ကောက်ယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ယခုစာတမ်းသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးဆွဲရန်နှင့် ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်အပေါ် မြန်မာနိုင်ငံ အစိုးရ၏ အကောင်အထည်  ဖော်ဆောင်ရွက်မှု စတုတ္ထနှင့် ပဉ္စမအကြိမ် ပူးတွဲ အစီရင်ခံစာကို တင်သွင်းရန်အတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြ သူများအနေဖြင့် မြန်မာ အမျိုးသမီး ထုကြီး၏ကိုယ်စား သင့်လျော်  မှန်ကန်သည့် အကြံဉာဏ်များ ပေးကြရန် အထူးလိုအပ် ပါကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

     ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ဒုတိယ ဝန်ကြီးဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဆက်စပ်လျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ကိုယ်စားလှယ်များ၊ ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

FacebookTwitter