ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၏ ခရီးစဉ် ဆောင်ရွက်ချက်များ

နေပြည်တော်၊ ဇွန်လ (၂၁) ရက် -

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည်  ဇွန်လ(၂၁)ရက်နေ့၊ မွန်းလွဲ(၃း၃၀)နာရီ အချိန်တွင် ရန်ကုန်မြို့၊ Myanmar Peace Center ၌ ကျင်းပပြုလုပ်သော (၂၀၁၃)ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ World Refugees Day (2013) သို့ တက်ရောက်ပြီး ဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ(၂၂)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့၊ ရွှေဘုန်းပွင့်ဘုရား၊ သံတန်ဆောင်း၌ ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက်လျက် ရှိသည့် World Vision, Global Vision, Action Aid  နှင့် Marie Stopes International အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

        ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး နှင့်အတူ နေ့လည် (၁)နာရီ အချိန်တွင် မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်  ဒေးဒရဲမြို့နယ် အောင်ချက် အကောင်းဆုံး ကျောင်းများ၊ ဂုဏ်ထူးသင် ဆရာ/ဆရာများနှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဦးအောင်ဇော်မြင့်+ ဒေါက်တာမြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး မိသားစုမှ ငါးဘာသာ ဂုဏ်ထူးရှင် (၁)ဦးအတွက် ရွှေပြားဆုနှင့် ငွေသားဆု၊ သုံးဘာသာ ဂုဏ်ထူးရှင်(၁)ဦးအတွက် ငွေသားဆုနှင့် အောင်ချက်အကောင်းဆုံးကျောင်း (၃)ကျောင်းအတွက် ငွေသားဆု၊   စုစုပေါင်း (၂.၅) သိန်း ချီးမြှင့်ခဲ့ပါသည်။

        ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဖျာပုံမြို့နယ်၊ ကနိစံပြကျေးရွာသို့ ကွင်းဆင်း၍  ကနိလူငယ်ပရဟိတ ဂေဟာ၌ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းအတွက် အဆောက်အဦ ဆောက်လုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး ဂေဟာအတွက် ကျားဝတ်လုံခြည် (၁၁၀)ထည်၊ တီရှပ် (၁၁၀)ထည်၊ မျက်နှာသုတ်ပုဝါ (၄၀)ထည်၊ စောင် (၃၀)ထည်၊ မဝတ်လုံခြည်၊ ဘောလ်ပင်များနှင့် ရောင်စုံခဲတံများ အား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

        ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်တွင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပသော (၂၀၁၂-၂၀၁၃) ပညာသင်နှစ် ဖျာပုံမြို့နယ် အောင်ချက် အကောင်းဆုံး ကျောင်းများ၊ ဂုဏ်ထူးသင်ဆရာ/ ဆရာများ၊ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ၊ လူရည်ချွန်များနှင့် သုတစွယ်စုံ ဆုရရှိသူများအား ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဦးအောင်ဇော်မြင့်+ ဒေါက်တာမြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး မိသားစုမှ လေးဘာသာ ဂုဏ်ထူးရှင် (၃)ဦးအတွက် ရွှေပြားဆုနှင့် ငွေသားဆု၊ သုံးဘာသာ ဂုဏ်ထူးရှင်(၆)ဦးအတွက် ငွေသားဆုနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင်(၂၀)ဦး အတွက် ငွေသားဆု၊ လူရည်ချွန်နှင့် သုတစွယ်စုံ ဆုရရှိသူများအတွက် ငွေသားဆု   စုစုပေါင်း (၅) သိန်း ချီးမြှင့်ခဲ့ပါသည်။

         ဆက်လက်၍ နေ့လည်(၁း၀၀)နာရီ အချိန်တွင် ကျင်းပသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ  ဖျာပုံခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားရာတွင်  ယခုနှစ်တွင် နိုင်ငံတော်မှ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်း စုစုပေါင်း(၁၁၈၄)ခုတို့အား မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး  စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ကျန်ရှိနေသော တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်များသို့လည်း ဆက်လက် သွားရောက် ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။  

        ထို့နောက် ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာအတွက် (၂၆.၉၂)သိန်း၊ ကနိလူငယ် ပရဟိတ ဂေဟာအတွက် (၉၀.၂၄)သိန်း၊ ကျိုက်လတ်မြို့ ပေချောင်း လူငယ်ပရဟိတ ဂေဟာအတွက် (၂၉.၁၅)သိန်း  ဘောလ်ပင်နှင့် တီရှပ်များ၊ ကျိုက်လတ်မြို့  အမျိုးသမီးများ ဂေဟာအတွက် (၂၆.၉၆)သိန်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၇)ကျောင်းအတွက် (၄၂)သိန်း စုစုပေါင်း (၂၀၅.၂၇)သိန်းကို တာဝန်ရှိသူများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးဆောင်ရွက် လျက်ရှိသည့် Golbal Vision မှ တီရှပ် (၁၀၀၀)ထည် နှင့် World Vision မှ ဆေးရုံသုံး ပစ္စည်းများနှင့် ရေဂါလံ (၅၀၀၀)ဆံ့ မိုးရေလှောင်ကန် တို့အား ဖျာပုံခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တာဝန်ရှိသူများထံ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter