ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် (၂၇)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင် မှ တက်ရောက် အမှာစကား ပြောကြားရာတွင်   နိုင်ငံတော် သမ္မတကြီး ခေါင်းဆောင်သော အစိုးရအဖွဲ့သည်  ပြည်သူလူထု ဗဟိုပြုအစိုးရ   (People Centered Government ) ဖြစ်သဖြင့်  ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များကို ဝန်ကြီးဌာနမှ တတ်နိုင်သရွေ့ ဖြည်‌့ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ အချိန်ထိ တနိုင်ငံလုံးမှာ  ဝန်ကြီးဌာနမှ အသိအမှတ် ပြုထားပြီးသော စေတနာဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄)  တို့အား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် မနှစ်ကထက် (၃.၁၃)ဆ တိုးမြှင့်ပြီး  စုစုပေါင်း ကျပ်သန်းပေါင်း (၁၇၁၆.၆) သန်း တိုးမြှင့်ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေများသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှု လျော့ချရေး လုပ်ငန်းများကို တောင်ပိုင်းခရိုင် အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း၊  ကြီးကြပ်မှု ကော်မတီဝင်များ အနေဖြင့် မိမိတို့ရဲ့ ဂေဟာ/ ကျောင်း/ဌာန အစဉ် တိုးတက်စေရန် ရရှိငွေများကို ဘဏ်မှာအပ်ထားပြီး အတိုး၊ အရင်းများကို မျှတစွာ သုံးစွဲသွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

       ထို့နောက် ခရမ်းမြို့ ဘိုးဘွားရိပ်သာအတွက် (၂၁.၈၅)သိန်း၊ တွံတေးမြို့  မိဘဂုဏ် ဘိုးဘွားရိပ်သာ အတွက် (၂၁.၁၇)သိန်း၊ ကျောက်တန်းမြို့ ဘိုးဘွားရိပ်သာ အတွက် (၁၁.၁)သိန်း၊ ကွမ်းခြံကုန်းမြို့ ဒေးဒနော ဘိုးဘွားရိပ်သာအတွက် (၃.၉)သိန်း၊ သန်လျင်မြို့လုံမ္ဗနီဘိုးဘွားရိပ်သာ အတွက် (၁၂.၉)သိန်း၊ ခရမ်းမြို့နယ် တိုင်းရင်းသားလူမျိုးစု လူငယ်ပရဟိတ ဂေဟာအတွက်(၄၂)သိန်း၊ တွံတေးမြို့နယ် မင်္ဂလာလူငယ် ပရဟိတ ဂေဟာအတွက်(၂၁၂.၁၂)သိန်း၊  ကျောက်တန်းမြို့နယ် ကမာဆွဲ လူငယ်ပရဟိတ ဂေဟာအတွက် (၅၁.၀၅)သိန်း၊ ကွမ်းခြံကုန်းမြို့နယ် အောင်သုခ လူငယ်ပရဟိတ ဂေဟာအတွက် (၂၈.၂)သိန်း၊ ကော့မှူးမြို့နယ် အောင်ဇဗ္မူ လူငယ်ပရဟိတ ဂေဟာအတွက် (၁၀၅.၅၄)သိန်းနှင့် သန်လျင်မြို့နယ် ဆုတောင်းပြည့် လူငယ်ပရဟိတ ဂေဟာအတွက် (၁၀၀.၅)သိန်း၊ မေတ္တာ ရောင်ခြည် လူငယ် ပရဟိတဂေဟာ အတွက် (၂၄.၉)သိန်း၊ သဒ္ဓမ္မဇောတိက ကာရုံ လူငယ်ပရဟိတ ဂေဟာအတွက် (၉)သိန်း၊  ခရမ်းမြို့နယ်၊ တွံတေးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ဒလမြို့နယ်နှင့် သန်လျင်မြို့နယ်များရှိ ကိုယ်အားကိုယ့်ကိုး မူလတန်း ကြိုကျောင်း (၈)ကျောင်း အတွက်(၄၈) သိန်း၊ စုစုပေါင်း (၆၉၂.၂၃) သိန်းကို တာဝန်ရှိသူများထံ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။

     ဆက်လက်၍ နေ့လည် (၂း၀၀)နာရီအချိန်တွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသော  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပဲခူးမြို့ သပြေကုန်း ဘိုးဘွားရိပ်သာ အတွက် (၂၄.၇၇)သိန်း၊ ဒိုက်ဦးမြို့၊ ကန်တော်မင်္ဂလာ လူငယ်ပရဟိတ ဂေဟာအတွက် (၇၀.၀၃)သိန်း၊ ပဲခူးမြို့ ပန်းခြံကုန်း လူငယ် ပရဟိတဂေဟာအတွက် (၈၀.၃)သိန်း၊  ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် အတွင်းရှိ  ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၄) ကျောင်းအတွက် (၁၄၄)သိန်း၊ စုစုပေါင်း (၃၁၉.၁) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

     ထို့နောက် သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်၍ အသုံးအဆောင် ပစ္စည်းများ လှူဒါန်းပြီး ဘိုးဘွားများကို  အားပေးစကား ပြောကြားပါသည်။ ထိုမှတဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ေ‌ရး ဂိုဒေါင်တို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ 

FacebookTwitter