ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က အောင်ပွဲရ မသန်စွမ်းအားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ သြဂုတ်လ(၁၄) -

      (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အကြို တံခွန်စိုက် ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ကိုယ်စားပြု မသန်စွမ်း အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို သြဂုတ် (၁၃) ရက် နံနက် (၁၀)နာရီက အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကြီးတွင် အောင်မြင်မှု ရရှိစေရန် အတွက် သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် အုပ်ချုပ်သူနည်းပြ များအနေဖြင့် ယခင်ကထက် ပိုပြီး အားကစားသမားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် လေ့ကျင့်ရေး ပိုင်းများတွင် ဂရုတစိုက် ဆောင်ရွက်ရန်၊ ပြိုင်ပွဲဝင် အားကစားသမား များအနေဖြင့် ကျန်ရှိနေသော ငါးလအတွင်းတွင် ရေကုန်ရေခန်း ကြိုးစားလေ့ကျင့်ပြီး ရေ့ွှတံဆိပ်ဆုရရှိအောင် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်နှင့် နိုင်ငံ့ဂုဏ်ဆောင်သူများ ဖြစ်အောင် ကြိုးစားကြရန်ဖြင့် မှာကြားသည်။

      ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က ရွှေတံဆိပ်ဆုရှင်များအား လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေနှင့် ဒေါ်စုစုလှိုင်တို့က ငွေတံဆိပ်ဆုရှင်များ အားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ကြေးတံဆိပ်ရှင် များအား လည်းကောင်း၊ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

      (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲအကြို တံခွန်စိုက် ဖလားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁၈)ခု၊ ငွေတံဆိပ် (၁၇)ခု၊ ကြေးတံဆိပ် (၁၁)ခု၊ စုစုပေါင်း ဆုတံဆိပ် (၄၆)ခု ဖြင့် တတိယရရှိခဲ့သော ရန်ကုန်မြို့ မသန်စွမ်း သက်ကြီး/သက်ငယ် သင်တန်းကျောင်း၊ ကြည့်မြင်တိုင်/ စစ်ကိုင်း မျက်မမြင်ကျောင်း၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်း၊ ရန်ကုန်မြို့အမျိုးသမီး ကလေးများ သင်တန်းကျောင်းနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာတို့မှ မသန်စွမ်း အားကစား မောင်/မယ် ၂၇ ဦးတို့ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter