အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ (၁၆) ရက် -

    အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ Enhancing of Women's of Empowerment Sector Working Group (EWE-SWG)၏ ပထမအကြိမ် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၀၈း၄၅) နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြားရာတွင် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (1st Myanmar Development Cooperation Forum) မှ ထွက်ပေါ်လာသော နေပြည်တော် ကြေညာစာတမ်း (Nay Pyi Taw Accord) အရ လုပ်ငန်းအဖွဲ့ ၁၆ ဖွဲ့အနက် လူမှုအကာအကွယ် ပေးရေးနှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့နှင့် အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့တို့တွင် မိမိတို့ ဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်လျက် ရှိပါကြောင်း။
    ယူအန်စီဒေါတွင် ကတိကဝတ် ပြုထားသည့် အတိုင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း (National Strategic Plan for Advancement of Women) ကို မကြာခင် ဖြန့်ဝေနိုင်တော့မည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကိုလည်း ရေးဆွဲလျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ(Development Partners) အနေဖြင့် မြန်မာ အမျိုးသမီး ထုကြီး၏ စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းများအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် စီမံချက်၊ လုပ်ငန်းအစီအစဉ် များအား ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေး သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

    ထို့နောက် ပြင်သစ်သံရုံးမှ တာဝန်ရှိသူနှင့် UNFPA (မြန်မာ) မှ ဌာနေကိုယ်စားလှယ် Ms. Janet Jackson တို့က အမှာစကား ပြောကြားကြသည်။

    ယင်းနောက် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များအား တက်ရောက်လာသော အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြသည်။

    ယနေ့ ကျင်းပသော ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ဒေါ်စုစုလှိုင်နှင့် တာဝန်ရှိသူများ၊ နှီးနွယ်ဆက်စပ်လျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ (Development Partners) ဖြစ်သော UN Agencies နှင့် INGOs များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၅)ဦး ပါဝင်ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter