စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်းဖွင့်

နေပြည်တော်၊ ဇွန် ၂၂ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြမြအုန်းခင်သည် ဇွန် ၂၁ရက် ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ်(၂)ရက်ကွက်၌ မူလတန်းကြိုကျောင်းဆောက်လုပ်မည့်မြေနေရာနှင့် အမှတ်(၁)ရပ်ကွက်၌ တောင်ငူခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဂိုဒေါင်တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

      ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်၉နာရီတွင် တောင်ငူမြို့ခပေါင်းခန်းမ၌ ကျင်းပသည့် ပဲခူးခရိုင်၊ တောင်ငူ ခရိုင်တို့မှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား(၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားသို့တက်ရောက်အမှာစကားပြောကြားပြီး ပဲခူးခရိုင်၊ တောင်ငူခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာငါးခု၊ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ နှစ်ခု၊ အမျိုးသမီးပရဟိတဂေဟာတစ်ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၃၈ ကျောင်းတို့အတွက် စုစုပေါင်း ငွေကျပ် ၅၅၀ ဒသမ ၂၂သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ခဲ့သည်။

      တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း(၅/၂၀၁၄)ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍအရေးကြီး ပုံများကို ရှင်းလင်းပြောကြားသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ကျော်ဦးကလည်း အမှာစကားပြောကြားခဲ့သည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းသို့ ရောက်ရှိပြီး ကျေးရွာ ၂၅ရွာမှ လူမှု စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ် ၅၀တို့အား နည်းပြသင်တန်းပို့ချနေမှုကိုလည်းကောင်း၊ ခပေါင်းခန်းမ ၌ ကျေးရွာ ၂၅ ရွာမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် ၅၀တို့အား နည်းပြသင်တန်းဖွင့်လှစ် ပို့ချနေမှုကိုလည်းကောင်း ကြည့်ရှု၍ လူငယ်မောင်မယ်များအား အားပေးစကားပြောကြားသည်။

      လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ အတွက် နည်းပြသင်တန်းအမှတ်စဉ်(၁/ ၂၀၁၄)မှ (၄/၂၀၁၄)ထိ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် အတွင်း ကျေးရွာ ၁၃၂ရွာမှ လူငယ်မောင်မယ်စုစုပေါင်း ၃၆၁ဦးတို့အား နည်းပြသင်တန်းများပို့ချခဲ့ပြီး ဖြစ်သည်။

       ကျန်ရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်းလူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်းများနှင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သိရသည်။

FacebookTwitter