စေတနာ့ဝန်ထမ်းလူငယ်များအား မိုဘိုင်းဖုန်းဆင်းကတ်ထောက်ပံ့

နေပြည်တော်၊ ဇွန် ၂၉ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဇွန် ၂၇ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဗဟိုကယ်ဆယ်ရေး ဂိုဒေါင်ရေဝင်ရောက်မှုကြောင့် ပြန်လည်ပြင်ဆင်ထားမှုအခြေအနေများအား ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

     မွန်းလွဲပိုင်းတွင် Summit Park View Hotel၌ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်း (၉)ဖွဲ့မှ အတူလက်တွဲဆောင်ရွက်နေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသရှိ ဒေသတွင်း ရွှေ့ပြောင်းနေရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ် ရှင်းလင်းပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

      ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၂၈ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသော ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၂၀၁၃-၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးသင်ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကာ ဆုများချီးမြှင့်ပြီး မွန်းလွဲပိုင်းတွင် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာ၊ အုန်းပင်တောင် ဘုန်းတော်ကြီးကျောင်းတန်ဆောင်း၌ ကျေးရွာအခြေပြု လူမှု စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်းလူငယ်များအတွက် ဆင့်ပွားသင်တန်းများ ပို့ချနေမှုအား ကြည့်ရှု၍ ခေါင်းဆောင်လူငယ်များအတွက် ဝန်ကြီးဌာနမှ မိုဘိုင်းဖုန်းဆင်းကတ် ၁၁ခု ထောက်ပံ့ ပေးခဲ့သည်။

      ဆက်လက်၍ ဒေးဒရဲမြို့၌ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ ဖွင့်လှစ်ထားသော ဆင်းရဲနွမ်းပါးသည့် ကျောင်းသား လူငယ်များအတွက် အခမဲ့ စာသင်စာကျက်ဝိုင်းအား ကြည့်ရှုပြီး လိုအပ်သည်များ ထောက်ပံ့ပေး သည်။

      ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ဒေးဒရဲမြို့နယ် ၂၀၁၃-၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်အောင်မြင်သော ကျောင်းသား/ကျောင်းသူများ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးသင် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဆုများချီးမြှင့်ပေးသည်။

      ဆက်လက်၍ ဝန်ကြီးဌာနများမှ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်အတွက် ဒေးဒရဲမြို့နယ် ကျောင်းသားဟောင်းများ ပညာရေးအထောက်အကူပြုအဖွဲ့သို့ငွေကျပ်တစ်သိန်းနှင့် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ ဖွင့်လှစ်ထားသော ဆင်းရဲနွမ်းပါးသည့် ကျောင်းသား လူငယ်များအတွက် တက္ကသိုလ်ဝင်တန်းအထောက်အကူပြု အခမဲ့ စာသင် စာကျက်ဝိုင်းသို့ ငွေကျပ်တစ်သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။

      ဦးအောင်ဇော်မြင့်- ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်(ပြည်ထောင်စုဝန်ကြီး)မိသားစုက ဖျာပုံမြို့နယ်တွင် ဂုဏ်ထူး သင်ဆရာ ဆရာမများအတွက် ဂုဏ်ပြုငွေနှင့် သုံးဘာသာဂုဏ်ထူးနှင့်အထက် အထူးဆုများကို လည်းကောင်း၊ အုန်းပင်ကျေးရွာ အုန်းပင်တောင်ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဥယျာဉ် ယဉ်ကျေးလိမ်မာသင်တန်းအတွက် သင်ရိုး ညွှန်းတမ်းများဝယ်ယူရန် အလှူငွေ လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

FacebookTwitter