လူငယ်လူရွယ်များ အားလုံး ပါဝင်ဆောင်ရွက်ခွင့် ရရှိ ကျေးရွာ အခြေပြု စေတနာ့ဝန်ထမ်း လူငယ်များ နည်းပြ သင်တန်းဖွင့်

နေပြည်တော်၊ ဇူလိုင် ၆ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပညာရေးကောလိပ် ပညာရတနာခန်းမ၌ ကျင်းပသော မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက အမှာစကားပြော ကြားသည်။

       အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးတို့က မိတ္ထီလာမြို့နယ် အတွင်းရှိ ဝန်ဇင်းဘိုးဘွား ရိပ်သာအတွက် ငွေကျပ် ၃၁ ဒသမ ၃၄သိန်း၊ ညောင်ကိုင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ်၄၀ ဒသမ ၁၀ သိန်း၊ မေတ္တာရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ် ၇ ဒသမ ၅၀ သိန်း၊ ရှေ့ဆောင် မျက်မမြင် ကျောင်းအတွက် ငွေကျပ် ၂၄ ဒသမ ၈၂သိန်း၊ မလှိုင်မြို့နယ် အတွင်းရှိ မလှိုင်ဘိုးဘွား ရိပ်သာအတွက် ငွေကျပ် ၅ ဒသမ ၄၀ သိန်း၊  ထန်းတောကျောင်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ် ၃၅ ဒသမ ၇၂သိန်း၊ သာစည် မြို့နယ်အတွင်းရှိ ရွှေစည် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ် ၆၅ ဒသမ ၆၅သိန်း၊ မိတ္ထီလာ ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၅) ကျောင်း အတွက် ငွေကျပ်သိန်း ၉၀၊ ပျော်ဘွယ်မြို့နယ် အတွင်းရှိ သစ်ပန်းကန်ပင်၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ် ၄၁ ဒသမ ၅၆ သိန်း၊ ရမည်းသင်းခရိုင် အတွင်းရှိ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂) ကျောင်းအတွက် ငွေကျပ် ၁၂ သိန်း၊ စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၃၅၄ ဒသမ ၀၉ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူး (၁)ဦးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

       ဆက်လက်၍ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင် အတွင်း စေတနာ့ဝန်ထမ်း လူငယ်များအတွက် နည်းပြ သင်တန်း (၇/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ တော်ကြီး ဖွံံ့ဖြိုးတိုးတက်လာစေရန် ဆင်းရဲချမ်းသာမရွေး၊ ပညာတတ် မတတ် မရွေး၊ လူတန်းစားမရွေး လူငယ်လူရွယ်များ၏ လုပ်ဆောင်ချက် အခန်းကဏ္ဍများသည် အရေးကြီးလှပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနက ဘက်စုံလူရည်ချွန် စီမံကိန်း၊ ကင်းထောက်လူငယ် စီမံကိန်း၊ ထူးချွန်ကြက်ခြေနီ စီမံကိန်းတို့ကို အကောင်အထည် ဖော်ဆောင်ရွက်နေသကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကလည်း လူငယ်လူရွယ်များ အားလုံး ပါဝင်ဆောင်ရွက်ခွင့် ရရှိအောင် ရပ်ကွက်၊ ကျေးရွာ အခြေပြုနည်းလမ်းနဲ့ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း၊ လူငယ်များ စီမံကိန်းတို့ကို ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။

       ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်နှင့်အညီ တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များအတိုင်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်းဖြင့်  အဖွင့်အမှာစကား ပြောကြားသည်။

       ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ ဝန်ထမ်းလူငယ်များ စီမံကိန်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များ စီမံကိန်း အကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး စေတနာ့ဝန်ထမ်း လူငယ်တို့ကို နည်းပြသင်တန်း ဖွင့်လှစ်နေမှု တို့အား ကြည့်ရှု၍ လူငယ်မောင်မယ်များအား အားပေးစကား ပြောကြားသည်။

       စေတနာ့ဝန်ထမ်း လူငယ်များအတွက် နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၄)မှ (၆/၂၀၁၄)အထိကို ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ခရိုင်များအားလုံးနှင့် တောင်ငူ ခရိုင်၊ ပဲခူးခရိုင်တို့မှ ကျေးရွာစုစုပေါင်း(၂၀၀)မှ လူငယ်မောင်မယ် စုစုပေါင်း ၆၀၀ ကျော်ခန့်ကို သင်တန်းများ ပို့ချခဲ့ ပြီးဆင့်ပွားသင်တန်းများလည်း ပို့ချနေပြီဖြစ်သည်။ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နည်းပြသင်တန်း များနှင့် ဆင့်ပွားသင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

FacebookTwitter