လူငယ်တွေ့ဆုံပွဲ ဆွေးနွေးပွဲရလဒ်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ သြဂုတ်လ (၁၀) ရက် -

      လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်း တာဝန်ယူကြရမည်ဖြစ်ရာ လူငယ်များ ကျန်းမာ ကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းစသည့် အရည်အချင်းများနှင့်ပြည့်စုံပြီး လူငယ်တို့၏အခွင့်အရေး ရပိုင်ခွင့်များကို ထုတ်ဖော်တင်ပြခွင့် ရနိုင်ရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် စနစ်တကျပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ရလဒ်များကို အသိပေးဆွေးနွေးခြင်း၊ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့နံနက်က ကျင်းပရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

      လူငယ်မူဝါဒပေါ်ပေါက်ရေးအတွက် လူငယ်များအနေဖြင့် ၂၀၁၂ ခုနှစ်ကစတင်၍ လူငယ်ဖိုရမ်များကို ကျင်းပခဲ့ရာ ၂၀၁၆ခုနှစ်၊ ဇွန်လက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တတိယအကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ရာ ၎င်းလူငယ်တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့သော လူငယ်များနှင့်သက်ဆိုင်သည့် လူငယ်နှင့်ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးခေါင်းစဉ်များနှင့် ပတ်သက်၍ ရရှိခဲ့သောလူငယ်များ၏ သဘောထားအမြင် ရလဒ်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ ထပ်ဆင့်အသိပေး ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ရာ လူငယ်များသိလိုသည့် မေးခွန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားခဲ့ပါသည်။

      လူငယ်များဘက်မှလည်း ၎င်းတို့၏ထင်မြင်ယူဆချက်များကို ပြန်လည်တင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

      လူငယ်မူဝါဒ ပေါ်ပေါက်ရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ဖိုရမ်များကျင်းပပြီး လူငယ်အများစု၏ သဘောထားအမြင်များ ပါဝင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၁၀ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mr.Toni (စတီး(လ်)ကြိုးတံတားအဖွဲ့)မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ အာဆီယံရှိ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများတွင် စုစုပေါင်း တံတားအစင်း(၃၄၀)စင်း တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီးချိန် ၂၀၀၈ခုနှစ်မှစ၍ စတီးကြိုးတံတား(၁၀၅)စင်း တည်ဆောက်ခဲ့ရာ မြန်မာနိုင်ငံတွင် အာဆီယံနိုင်ငံများတွင် အများဆုံး တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ကမ္ဘာအနှံ့ နိုင်ငံပေါင်း(၁၃)နိုင်ငံတွင် စုစုပေါင်း(၇၃၆)စင်း တည်ဆောက်နိုင်ခဲ့ပြီး လူပေါင်း၂ သန်းကျော်ကို အကျိုးပြုနိုင်ခဲ့ပါကြောင်း၊ တံတားများမှာ (၅)ပေအကျယ်ရှိပြီး လူ၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်အထိ ကူးသန်း သွားလာနိုင်သော တံတားများဖြစ်ကြောင်း၊ အဆိုပါ တံတားများသည် ဒေသခံပြည်သူလူထုမှ တောင်းဆိုလာသောနေရာများတွင် တည်ဆောက်နိုင်မှု ဖြစ်နိုင်ချေရှိ/မရှိ လေ့လာဆောင်ရွက်မှု ပြုလုပ်ပြီးမှ ဆောင်ရွက်ခဲ့ခြင်း၊ ၎င်းတို့၏ ပူးပေါင်းပါဝင်မှု၊ လုပ်အား၊ အချိန်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မြန်မာပြည်ရှိ ပြည်သူ/ ပြည်သားတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများတွင် ပြည်သူများမှတောင်းဆိုလာပါက လေ့လာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ အလားတူ မွန်းလွဲ(၃း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် Dragon Power International Trading Co., Ltd မှ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် အရေးပေါ်အချိန်ကာလများတွင် အသုံးပြုနိုင်မည့် အရေးပေါ်ဆေးရုံ စနစ်များ၊ မော်တော်ယာဉ်များ၊ အရေးပေါ်အစားအစာများနှင့် ပတ်သက်၍ ပစ္စည်းများမိတ်ဆက်ခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ အရေးပေါ်တုန့်ပြန်မှုနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံမှ နည်းပညာများအား မျှဝေပူးပေါင်းရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter