လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့၊ တိုက်ကြီးမြို့ရှိ ရေဘေးရှောင် စခန်းများသို့ သွားရောက် ကြည့်ရှုအားပေး

၁။ မိုးရွာသွန်းမှုများပြီး မြစ်ရေလျှံတက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ရှိ၊ မြသက်သာဘုန်းတော်ကြီးကျောင်းတွင် ယာယီဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနတာဝန်ရှိသူများ လိုက်ပါလျက် ရောက်ရှိကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥက္ကံမြို့ ဝန်းကျင် ဒေသတစ်ဝိုက်တွင် လှိုင်မြစ်ရေစတင် လျော့နည်းလာပြီ ဖြစ်သော်လည်း ပြန်လည်အခြေချနေနိုင်ရန်အတွက် ရက်အနည်းငယ် လိုအပ်နေသဖြင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင်စခန်းများသို့ မလာရောက်ဘဲ ကျေးရွာများတွင် ကျန်ရှိနေခဲ့သည့် ပြည်သူများအတွက်လည်း ထောက်ပံ့မှုများ စနစ်တကျရောက်ရှိရေးနှင့် ထောက်ပံ့မှုများကို မျှမျှတတရရှိနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက် ရေဘေးရှောင်ပြည်သူများအတွက် ထပ်မံထောက်ပံ့ငွေ (၅၃၂၇၇၀၀ိ/_)ကျပ်နှင့် ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော ရေဘေးရှောင်မိသားစု(၇၉)စုအတွက် Family Kit များကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၂။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့၊ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားပါသည်။ ထို့နောက် ဆန်ဘိုး(၇)ရက်စာ ထပ်မံထောက်ပံ့ငွေ(၃၀၇၀၂၀၀ိ/-)နှင့် Family Kit ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။ မွေးကင်းစ(၃)လအောက် ကလေးမိခင်(၃)ဦးကိုလည်း မိခင်အာဟာရဖြည့်တင်းရန်အတွက် ထောက်ပံ့ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နှင့်တိုက်ကြီးမြို့နယ် များရှိ ရေဘေးသင့်ပြည်သူများအတွက် စုစုပေါင်းရက်သတ္တ(၂)ပတ်စာ၊ ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးပြီး ဖြစ်ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းကလည်း ဆန်၊ ရေသန့်နှင့် အခြားပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ပါသည်။

၃။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်(၁၀)ဦးမှ လှူဒါန်းသည့် အလှူငွေ(၆၆၄)သိန်းနှင့်ဆေးပစ္စည်းများကို လက်ခံရယူခဲ့ပါသည်။

၄။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ ပြည်တွင်း/ပြည်ပသတင်းမီဒီယာ(၂၅)ခုနှင့် လူမှုအဖွဲ့အစည်း(၅)ဖွဲ့မှ တက်ရောက်ခဲ့ပါသည်။ သတင်းမီဒီယာများက သဘာဝဘေးကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်းအနားကို ညနေ( ၅ )နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter