ကျား၊ မရေးရာ တန်းတူညီမျှခြင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အခြေအနေ ဆန်းစစ်မှု အစီရင်ခံစာ မိတ်ဆက်ဖြန့်ချိခြင်းနှင့် မသန်စွမ်းသူများအတွက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်း

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၇ ရက် -

     မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သော အမျိုးသမီးများ၏ အခွင့်အရေး များ မြှင့်တင်နိုင်ရေးနှင့် တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူ ပြုနိုင်မည့် မြန်မာနိုင်ငံ၏ ကျား၊ မရေးရာ တန်းတူညီမျှခြင်းနှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အခြေအနေ ဆန်းစစ်မှု အစီရင်ခံစာ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ၊ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးမှ စတုတ္တအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံမှ ထုတ်ပြန်ခဲ့သော အမျိုးသမီးများအတွက် အချက်(၃၈)ချက် ပါဝင်သည့် ဘေကျင်းကြေငြာစာတမ်းအရ မိမိတို့အနေ ဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ ကို ရေးဆွဲဖြန့်ဝေနိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကျားမရေးရာ တန်းတူညီမျှရေးတို့အတွက် ယနေ့ဖြန့်ချိသည့် ဆန်းစစ်ခြင်းအစီရင်ခံစာကို ဆက်စပ်အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ အစီရင်ခံစာတွင် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် စီးပွားရေး၊ အမျိုးသမီးများနှင့် ပညာရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် ဆုံးဖြတ် ချက်ချမှတ်ပိုင်ခွင့် စသည့် ကဏ္ဍ(၆)ရပ်အပြင် အမျိုးသမီးများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း စစ်တမ်း ကောက်ယူ ထားသည့်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် အခြေခံအချက်အလက် များရရှိပြီး များစွာ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ တိတ်ဆိတ်ခြင်း၏နောက် ကွယ် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်းနှင့် ကျား၊မလူမှုရေးရာ အလေ့အထများနှင့် ယဉ်ကျေးမှုစံနှုန်းများအား ဖော်ထုတ်ထား ရှိသော ရုန်းမ ထွက်သာ အစဉ်အလာ သုတေသနစာတမ်းများကိုလည်း မိတ်ဆက်ဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါအစီ ရင်ခံစာနှင့် သုတေသနစာတမ်းပါ တွေ့ရှိချက်များအပေါ် မူတည်ပြီး ဥပဒေပြုခြင်း၊ မူဝါဒ ချမှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား ခဲ့ပြီး၊ အစီရင်ခံစာ စာအုပ်များအား အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

      အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)နှင့် LDSC (LATTER-DAY SAINT CHARITIES ) တို့ ပူးပေါင်း ပြုလုပ်သော မသန်စွမ်းများအတွက် အထောက်အကူပြုပစ္စည်း ပေးအပ် ပွဲသို့ တက်ရောက်၍ မိမိတို့ဝန်ကြီးဌာန သည် ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများရဲ့ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူအားလုံးသည် လူသားတိုင်းခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေး များကို တန်းတူညီမျှအပြည်‌့အဝရရှိရေးနှင့် ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများတွင် စွမ်းအားပြည့်ပိုမိုပါဝင်လာနိုင်ရေး စွမ်း အားပြည့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးကိုလည်း ဆောင်ရွက် လျက် ရှိ ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် မသန်စွမ်းသူ များသည် နိုင်ငံ့လူဦးရေ၏ ၄.၆%ရှိပြီး ကိုယ်အင်္ဂါမသန်စွမ်းသူများ သွားလာမှု လွယ်ကူစေရေးအတွက် အထောက်အကူပြု ပစ္စည်းများ လိုအပ်လျက်ရှိရာ ယခုလို အထောက်အကူပြုပစ္စည်းများဖြစ်သည့် ခြေတုများတပ်ဆင်ပေးခြင်းဖြင့် အတားအဆီး များကို ကျော်လွှားနိုင်မှာဖြစ်ပြီး၊ လူတိုင်းအကျုံးဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေး ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ကိုယ် အင်္ဂါမသန်စွမ်း သူများ အား ခြေတုများတပ်ဆင်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါကြောင်း သတင်း ရရှိပါသည်။

FacebookTwitter