ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တွင် ကျင်းပသည့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အာရှ ဝန်ကြီးများအဆင့် ညီလာခံသို့ တက်ရောက်

အိန္ဒိယနိုင်ငံ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆိုင်ရာ အာရှဝန်ကြီးများအဆင့် ညီလာခံသို့ တက်ရောက်လျက်ရှိရာ (၃-၁၁-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ညီလာခံဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်လျော့ပါးရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေး ခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။

      (၄-၁၁-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အိန္ဒိယနိုင်ငံ မြန်မာသံရုံးသို့ သွားရောက်ပြီး သံရုံးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

     နေ့လည်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ညီလာခံပြခန်းများ ခန်းမတွင် ပါဝင်ပြသထားသော မြန်မာနိုင်ငံ ကိုယ်စားပြု ပြခန်းငယ်သို့ သွားရောက်ပြီး မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ ်ကြိုတင်ကာကွယ်ရေး အတွက်ပြင်ဆင် ထားရှိမှုများ၊ သင်တန်းများတွင်အသုံးပြုနေသော သင်ရိုးညွှန်းတမ်းများ၊ သဘာဝဘေးအန္တရာယ် ဆန်းစစ် လေ့လာမှု ရလာဒ်များ စသည်တို့ကို ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံ၏ ဆွေးနွေးပွဲအားလုံးမှ ရလာဒ်များအား အကျဉ်းချုံး ရှင်းလင်းသော ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

      (၅-၁၁-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပထမအကြိမ် ကမ္ဘာ့ဆူနာမီ အသိပညာ ပြန့်ပွားရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

      ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာ အာရှဝန်ကြီးအဆင့် ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

      ညီလာခံတွင် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသော သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ထုတ်ပြန်ထားသော ဥပဒေများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ နိုင်ငံတော်မှ ဦးဆောင် ဆောင်ရွက်နေမှုများ၊ အာဆီယံနှင့်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စသည်တို့ကို ဆွေးနွေးခဲ့ပါသည်။

      ညီလာခံသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ မွန်ပြည်နယ် စီမံ/ဘဏ္ဍာနှင့် လဝက ဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာနိုင်င ံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမြသူ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သဘာဝအန္တရာယ ်လျော့ချရေးအတွက် ဆောင်ရွက်နေသော UN/ INGO/ NGO/ CSO များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

FacebookTwitter