ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တတိယအကြိမ်မြောက် အာရှပစိဖိတ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးအစည်းအဝေးတက်ရောက်

မလေးရှားနိုင်ငံ၊ကွာလာမ်လမ်ပူမြို့၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် -

      တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက် မှ ၈ ရက် အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

      ၎င်းအစည်းအဝေးသို့ အာရှပစိဖိတ်ဒေသအတွင်းရှိနိုင်ငံပေါင်း ၂၆ နိုင်ငံမှ ဒုတိယသမ္မတများ၊ ဝန်ကြီးများနှင့် အခြားအဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် အာရှပစိဖိတ်ဒေသတွင်းရှိ သန်းပေါင်း ၁၀၀၀ ကျော်ရှိသောကလေးများအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် နိုင်ငံများ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဧကန်မုချရ မည်ဖြစ်ကြောင်းဆွေးနွေးကြပါသည်။

      လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ၊ ကလေးများအားအလုံးစုံသောအကြမ်းဖက် မှုများမှ ကာကွယ်ပေးရေးအစီ အစဉ်များနှင့် လူတိုင်းလက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအစီအစဉ်ကိုအတွေ့အကြုံများဖလှယ်ခြင်း ၊ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြရာတွင် ကလေးငယ်၏ လူသားဘဝရက်ပေါင်းတစ်ထောင်အတွင်းလူမှုရေးဆိုင် ရာငွေကြေးထောက်ပံ့မှုအစီအစဉ် (first 1000 days social Cash transfer program) အထူးသဖြင့် ကလေးငယ်များ အတွက် မဖြစ်မနေရရှိရမည့် အာဟာရဖွံ့ဖြိုးရေးကိုအဓိကဆောင်ရွက်စေလိုကြောင်း၊ သို့မှသာသန်းပေါင်း(၁၀၀၀)ကျော်သော ကလေးများ၏ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် များစွာအကျိုးရှိပြီးဉာဏ်ရည် ပြည့်မှီ၍ ကျန်းမာသန်စွမ်းသောကလေးများဖြစ်လာ မည်ဖြစ်ကြောင်း၊ အဆိုပါ မျိုးဆက်သစ်များဖြင့် နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မည်မှာဧကန် မုချဖြစ်သောကြောင့် ယနေ့ပင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း‌ဆွေးနွေးခဲ့ကြပါသည်။

      အဆိုပါ ရက်တစ်ထောင်အတွင်းရင်းနှီးမြှုပ်နှံမှုတွင် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အနှောက်အယှက်ဖြစ်စေသော အလုံးစုံသောအကြမ်းဖက်မှုများမှ အကာအကွယ်ပေးရေးအစီအစဉ်များကိုလည်းထည့်သွင်းဆောင်ရွက် ရမည် ဖြစ်ကြောင်းဆွေးနွေးခဲ့ကြပါသည်။
အာရှနှင့်ပစိဖိတ်ဒေသတွင်းရှိနိုင်ငံအားလုံးသည် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ် များကိုနိုင်ငံတော်အစိုးရ၏ ပံ့ပိုးအားပေးမှုဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။

      ၎င်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဦးဆောင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် ခဲ့ပါသည်။

      မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်သောချင်းပြည်နယ်မှစတင်၍ ကလေးငယ်၏ လူသားဘဝရက်ပေါင်း တစ်ထောင် အတွင်းလူမှုရေးဆုင်ရာငွေကြေးထောက်ပံ့မှုအစီအစဉ်((first 1000 days social Cash transfer program)ကိုအကောင် အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်တွင် အစပြုခဲ့ ပြီးရက်တစ်ရာအလွန် ‌ခြောက်လစီမံချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်းဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

      အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အတူလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

FacebookTwitter