လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား သြစတြီးယားဘဏ် အဖွဲ့အစည်း နှင့် ဗြိတိန်နိုင်ငံ၊ University of Wolverhampton(UK) တို့မှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၀၉း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား   သြစတြီးယားဘဏ် အဖွဲ့အစည်း မှ အကြံပေးပုဂ္ဂိုလ် ဖြစ်သူ ဦးထွန်းအောင် ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။  ထိုသို့တွေ့ဆုံရာ၌ သြစတြီးယား ကုမ္ပဏီများမှ ထုတ်လုပ်သော မီးသတ်ယာဉ်များ၊ သဘာဝဘေးအန္တရာယ်များမှ ရှာဖွေကယ်ဆယ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ သြစတြီးယား ကုမ္ပဏီများမှ မသန်စွမ်းသူများ အတွက် နည်းပညာ အထောက်အကူပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ အကြောင်းအား လည်းကောင်း၊ သြစတြီးယားဘဏ်မှ တာဝန်ရှိသူများက သြစတြီးယားနိုင်ငံ အတိုးမဲ့ချေးငွေနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

      ထိုနောက် နံနက် ( ၁၀း၃၀ ) နာရီအချိန်တွင် ဗြိတိန်နိုင်ငံ၊ University of Wolverhampton(UK) မှ တွဲဖက်ဌာနမှူး   ဖြစ်သူ Dr. Anne Hollishead ဦးဆောင်သော အဖွဲ့ မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ပြီးခဲ့သော (၅)နှစ်ကာလ အတွင်း United Kingdom နိုင်ငံမှ University of Wolverhampton(UK)၊ မြန်မာနိုင်ငံ အထူးပညာရေးအသင်း နှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ မသန်စွမ်းကလေးငယ်များ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်း မရှိဘဲ ပညာသင်ကြားရေး၊ လူ့အဖွဲ့အစည်း အသိုက်အဝန်းထဲ ဝင်ဆန့်ရေးအတွက် ဝန်ဆောင်မှုများအား တစ်စုတစ်စည်းတည်း ပေါင်းစည်းပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန၏ သုတေသနစင်တာနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင် ရွက်မည့် လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter