ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရန် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၈)ရက် -

          ရခိုင်ပြည်နယ် အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်အတွက် ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်မြို့မိမြို့ဖများ တက်ရောက်ခဲ့ပါသည်။

         ပထမဦးစွာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လက်ရှိဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အဖွဲ့ဝင်များက ရခိုင်ပြည်နယ် မောင်တောဒေသတွင် လက်ရှိဖြစ်ပွားနေသော အချိန်ကာလအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို တင်ပြကြပါသည်။

         ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် လွတ်လပ်မှုကို မျှတမှုရှိရန် ကြိုးစားညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စည်းစနစ်ကျစွာ ဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိအောင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် မျှတစွာ ဆောင်ရွက်ခြင်းတို့သည် အလေးထားရမည့် အချက်များ ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးလျက်ရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများ သည်  နှစ်ဖက် လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခများ လျော့နည်းစေရန်လည်း ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ အထောက်အပံ့ပေးမှု တစ်ခုတည်းအပေါ်တွင် တည်မှီနေခြင်းထက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးပြီး မိမိကိုယ်တိုင် ရပ်တည်နိုင်အောင် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊  ယခုကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်များ တွေ့ဆုံခြင်းသည် ပြဿနာရပ်များအပေါ် လက်တွေ့ကျကျ ဖြေရှင်းခြင်း နည်းလမ်းတစ်ခုဖြစ်ကြောင်းနှင့် ပိုမိုကောင်းမွန်သော အဖြေများ ရရှိရန်အတွက် ကောင်းမွန်သော နည်းလမ်းများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြား ခဲ့ပါသည်။

        ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ပုဏ္ဏားကျွန်းစက်မှုဇုန်တွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် စီစဉ်ထားသော လုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော်ရေး ကွင်းဆင်းကြည့်ရှုပြီး ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင် ခဲ့ပါသည်။

        ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ ကျားမသောက် ကျေးရွာရှိ ရွှေကျား ရခိုင်ရက္ကန်းရုံသို့ ဝင်ရောက် လေ့လာကြည့်ရှုကာ ဒေသခံများ  အလုပ်အကိုင် ရရှိရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်ရေး အတွက် ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter