ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ထည့်သွင်းဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ရရှိဖို့ အထောက်အကူဖြစ်စေမည်

နေပြည်တော်၊ ဒီဇင်ဘာ (၃၀) -

      ပြည်သူ့အစိုးရ အဖွဲ့သစ်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို မူဝါဒသစ်များ ချမှတ်ပြီး အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဖော်ဆောင်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ထည့်သွင်း ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရရှိဖို့ အထောက်အကူ ဖြစ်စေကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပြည်သူလူထုရဲ့ အသံအားလုံး ပါဝင်ရန် နိုင်ငံတော်အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများက လူထုအစည်းအဝေးပွဲများ ကျင်းပဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ ပဋိပက္ခကို ဆန်းစစ်သုံးသပ်ရန် လိုအပ်ပြီး အကြမ်းဖက်မှုနှင့် မလုံခြုံမှုများကို လူမှုရေးရှုထောင့်က ထည့်သွင်းစဉ်းစားဖို့ အရေးကြီးကြောင်း၊ အမျိုးသမီးနဲ့ အမျိုးသမီးငယ်ရွယ်များ အတွက် ကာကွယ်စောင့်ရှောက်မှု အစီအစဉ်များကို အသင့်ပြင်ဆင်ထားပြီး အထူးစီမံချက်များနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တလျှောက်လုံးရဲ့ အဆင့်တွေ ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲများ၊ နိုင်ငံရေး စကားဝိုင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေး ကဏ္ဍများမှာ အမျိုးသမီးများရဲ့ ပါဝင်မှု၊ ဆောင်ရွက်မှုများကိုလည်း နိုင်ငံတော်အစိုးရက အားပေးသလို အမျိုးသမီး အင်အားစုများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားပါသည်။

      အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ UN နှင့် INGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးများ ပါဝင်မှုအတွက် အားသာချက်နှင့်စိန်ခေါ်မှုများ၊ ပဋိပက္ခ အခြေအနေများတွင် ဖြစ်ပေါ်လေ့ ရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့်ကြိုတင်ကာကွယ်ရေးအစီအစဉ်များ၊ အကြမ်းဖက်မှု ကြုံတွေ့ ခံစားရသည့် အမျိုးသမီးများအတွက် ကာကွယ်စောင့်ရှောက်မှုနဲ့ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးနှင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter