ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများသို့ ကြည့်ရှု့ ထောက်ပံ့ခြင်း

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ (၇) -

      ရခိုင်ပြည်နယ် မောင်တောဒေသတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် ဖားဝပ်ချောင်းရွာ၊ ငါးခူရရွာ၊ မြို့သစ်ရွာ၊ ကပ်ပကောင်းရွာ၊ ရေမျက်တောင်ရွာ၊ ငန်းချောင်းရွာ၊ စံပါယ်ကုံးရွာ၊ ဒိုးတန်းရွာ၊ ခြံပြင်ရွာ၊ စံပါယ်ပင်ရင်းရွာ၊ ရေတွင်းကျွန်းရွာ၊ ကျားခေါင်းတောင်ရွာ၊ ပွင့်ဖြူချောင်းရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံကာ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များကို မေးမြန်းဆွေနွေးရာ ဒေသခံများက ပြီးခဲ့သော ပဋိပက္ခ အခြေအနေများကြောင့် ကျေးရွာများတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်နယ်အစိုးရဖွဲ့နှင့် ပူးပေါင်း၍ နယ်မြေငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပြီး ပိုမိုကောင်းမွန်သော လူနေမှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအမံများနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် ဆွေးနွေးပြီး ရင်းနှီးပွင့်လင်းစွာ အားပေးစကားပြောကြားပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး အစီအစဉ်အရ လတ်တလော စားသုံးနိုင်ရန်အတွက် ဆန်၊ ပဲနှင့် ကလေးငယ်များအတွက် အာဟာရမုန့်နှင့် ကစားစရာ အရုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယနေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှု စုစုပေါင်းတန်ဖိုးမှာ ကျပ်(၉၈)သိန်းခန့် ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter