လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ UN ၊ INGO အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက် -

      လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆက်လက်ပူးပေါင် းဆောင်ရွက်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက စစ်တွေမြို့ လေဆိပ်အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ရခိုင်ပြည်နယ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းရှိ ကျေးရွာများသို့သွားရောက်ခဲ့ပြီး ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါကြောင်း၊ အထူးသဖြင့် လတ်တလော ပြင်းထန်အာဟာရချို့တဲ့ကလေးငယ်များ ရှိ/မရှိ အခြေအနေနှင့် ပြီးခဲ့သော ပဋိပက္ခ အခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးနှင့် စားဝတ်နေရေး အခြေအနေများကို လေ့လာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများ၊ ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု အစီအစဉ်အရ လတ်တလော လိုအပ်သည့် စားနပ်ရိက္ခာ ထောက်ပံ့ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အစိုးရအနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

      ခရီးစဉ်အတွင်း မောင်တောဒေသမြောက်ပိုင်းရှိကျေးရွာ (၂၅)ရွာသို့ လေ့လာတွေ့ရှိချက်များအရ စပါးများရိတ်သိမ်းခြွေလှေ့မှု လုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးနေမှု၊ ရိတ်သိမ်းပြီးသော လယ်ကွင်းများတွင် ကျက်စားနေသော ရာနှင့်ချီသည့် နွားနှင့်ဆိတ်များကိုလည်းကောင်း၊ စိမ်းစိုနေသော ရာသီသီးနှံစိုက်ခင်းများကို လည်းကောင်း၊ ငါး/ပုစွန်မွေးမြူရေးကန်များတွင် ငါး/ပုစွန်များထွက်ရှိပြီး အဝယ်ဒိုင်များမှ လာရောက် ရောင်းဝယ်နေမှုများ ဆောင်ရွက်နေမှုနှင့် ဒေသတွင်း အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၏ လက်ရှိအခြေအနေများကို လေ့လာတွေ့ရှိ ခဲ့ပါကြောင်း ပြောကြားပါသည်။

      ထို့နောက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိလုံခြုံရေး အခြေအနေနှင့် UN၊ INGO အဖွဲ့အစည်း များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော UN၊ INGO အဖွဲ့အစည်းများက မိမိတို့ဆောင်ရွက်လိုသော လုပ်ငန်းများနှင့် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။

FacebookTwitter