"လူမှုဝန်ထမ်းဥပဒေ" ထွက်ပေါ်လာရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက စတင်ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ (၁၂)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ တာဝန်ခံဝန်ကြီးဌာန ဖြစ်သည်နှင့်အညီ လူမှုဝန်ထမ်း လုပ်ငန်းများအား သတ်မှတ် စံချိန်စံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေ(မူကြမ်း)(Social ွျှork Bill) ရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး အား ယနေ့ (၁၂.၁.၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ အရာရှိကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ် သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် Social woork ပညာရပ်ဆိုင်ရာ ပြင်ပပညာရှင်များ တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရ သစ်လက်ထက်တွင် ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လူမှုအသိုက်အဝန်း တစ်ရပ်ဖြစ်ရန် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့် ပြည့်စုံနိုင်ရေး အတွက် တတ်နိုင်သလောက် ဆောင်ရွက်ကြရာမှာ ရေရှည်တည်တံ့တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းကို အသုံးပြု ဆောင်ရွက်ဖို့ လိုပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ တတ်ကျွမ်းသူများနဲ့ ပညာရှင်တွေ လိုအပ်ပါကြောင်း၊ အသိပညာ ပြည့်စုံသည့်အပြင် လက်တွေ့ကျွမ်းကျင်ပြီး၊ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ Professional အသက်မွေးဝမ်းကျောင်း ဖြစ်ဆောင်ရွက်ပေးရန် လိုအပ်လာပါကြောင်း၊ အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များကဲ့သို့ ပညာရပ် ကျွမ်းကျင်မှုဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (Accreditation)လည်း လိုအပ်ပါကြောင်း၊ ပြည်သူလူထုအတွက် လူမှုဝန်ထမ်း လုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ ဝန်ဆောင်မှုများနှင့်အတူ အကူအညီရသူများ၏ အကျိုးဖြစ်ထွန်းမှုကို အာမခံချက်ပေးနိုင်ရန် လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေပေါ်ထွက်လာရေးသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် လူမှုဝန်ထမ်းဆိုင်ရာ ဥပဒေ(မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊ ပြုစုရေးသားရေး ကော်မတီနှင့် နည်းပညာအထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် ထိုကော်မတီများ၏ တာဝန် ဝတ္တရားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

      အဆိုပါ လူမှုဝန်ထမ်းဥပဒေ(မူကြမ်း)ကို ၂၀၁၇ ခုနှစ်အတွင်း ထွက်ပေါ်လာရေး အစီအစဉ်များချမှတ် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဆက်လက်၍ နံနက်(၁၁း၀၀)နာရီ အချိန်တွင် UNFPA မှ Ms. Janet E.Jackson (Representative for Myanmar) ဦးဆောင်သော အဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား အဆိုပါ ဝန်ကြီးရုံး မေခလာ ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)တို့ ကျား/မရေးရာနှင့် အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက်မှုများ၊ လူငယ်မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူငယ်တို့၏ အမြင်နှင့်စပ်လျဉ်း၍ သုတေသန ဆောင်ရွက်နိုင်ရေး၊ လူငယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအတွက် ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေးအတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ် ဆောင်ရွက်လိုသည့်ကိစ္စ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လူသားချင်းစာနာမှု အကူအညီပေးနေမှုများ၊ ထိုဒေသတွင် ကဏ္ဍစုံလိုအပ်ချက် ဆန်းစစ်မှုကို ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးရေး၊ UNFPA နှင့် လူမှုဝန်ထမ်းဦးစီးဌာန ပူးပေါင်း၍ လူငယ်များ အလုပ်အကိုင် ရရှိစေရေး အစီအစဉ်များ ဆောင်ရွက်ရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပရေး တို့ကို ဆွေးနွေးခဲ့ပါသည်။

       ထို့နောက်မွန်းလွဲ (၂း၀၀) နာရီ အချိန်တွင် Thales Thailand Ltd မှ Export Sales Manager ဖြစ်သူ Mr.Ronald MASSARD မှ လာရောက် တွေ့ဆုံခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံရာတွင် ပြင်သစ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် ချိုသာသော အတိုးနှုန်းဖြင့် ချေးငွေ ပေးအပ်ရန် အစီအစဉ်ရှိကြောင်းနှင့် Thales Thailand ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို နိုင်ငံတော်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ ဒေသန္တရအဆင့်လိုက် အကောင်အထည်ဖေါ်မှု၊ ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အကူအညီ ပေးရေးကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter