ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော် ၊ စက်တင်ဘာ ၁၅         ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ပထမအကြိမ်အစည်းအဝေးကို(၁၄.၉.၂၀၁၇) ရက်နေ့၊မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

          ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရသစ် တာဝန်ရယူပြီး မကြာမီ ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့က စတင်၍ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီ(၄)ရပ်ကို ဖွဲ့စည်းပြီးလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားသည့်ဖြစ်စဉ်များမှာကာလရှည်ကြာဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်အရေးကိုဖြေရှင်းဆောင်ရွက် ရန် အကြံဉာဏ်များရယူလိုသဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊

          ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွား ခဲ့ပြီးနောက် မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုထပ်မံဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ထိုကော်မရှင်(၂)ရပ်၏အကြံပြုချက်ချက်များပေါ်ထွက်လာပြီးဖြစ်၍အကောင်အထည်ဖော်ဆောင် ရွက်ရန်“ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ”ကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် အကြံပြုချက်များအနက် ပြည်သူအကျိုးရှိပြီး လက်ရှိ မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်သော အချက်များကို ဆောင်ရွက်ရန်ဖြစ်သဖြင့် သက်ဆိုင်ရာ ကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ကွင်းဆင်းလေ့လာသုံးသပ်ခြင်းကို ရက်သတ္တပတ် (၂)ပတ်အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံချက်မှထွက်ပေါ်လာသော ဆောင်ရွက် ရန်ကိစ္စများကို ဦးစားပေးအဆင့် သက်မှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကကော်မရှင်(၂)ရပ်၏အကြံပြုချက်များကိုအကောင်အထည်ဖေါ်ရာတွင်ဖြစ်နိုင်ချေရှိသည်များကို ဦးစားပေးအလိုက် ဖေါ်ထုတ်၍ ရေရှည်အတွက် လက်တွေ့ ကျကျဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အပြောင်းအလဲကို သိသိသာသာဖြစ်ရေး လုပ်ဆောင်ဖို့လိုအပ်ပါကြောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင် နိုင်ငံရေးကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကော်မတီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍ အလိုက် စီမံချက်များရေးဆွဲနိုင်ရေးနှင့် လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်သည့်စီမံချက်များဖြစ်ဖို့လိုကြောင်း၊ဒုတိယဝန်ကြီးဦးခင်မောင်တင် က သီးခြားရုံးဖွင့်လှစ်ဆောင်ရွက်ရေး၊ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်မည့်ဌာနများ သတ်မှတ် တာဝန်ပေးအပ်ရေး၊ လစဉ်အစီရင်ခံစာများပြစုတင်ပြရေးနှင့်လက်တွေ့ကျပြီးအကျိုးဖြစ်ထွန်းသည့်စီမံချက်များဖြစ်စေရေးအတွက်ရခိုင်ပြည်နယ်သို့ကွင်းဆင်းဆောင်ရွက် ရန်လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးအမြဲတမ်းအတွင်းဝန်ဦးစိုးအောင်ကကော်မတီဖွဲ့စည်းမှု၊အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များနှင့်သီးခြားဆောင်ရွက်ရမည့်ကိစ္စရပ်များအားရှင်းလင်း ပြောကြားကာ တက်ရောက် လာသည့်ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

          ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်ထည်ဖော်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊  ပူးတွဲဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန်တို့ ပါဝင်ကာ ကော်မတီဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် နိုင်ငံတော်သမ္မတရုံး၊ စီမံရေးနှင့် ဘဏ္ဍာရေးရာဌာနကြီး ၊ ခေတ္တ ညွှန်ကြားရေးမှူးချုပ်တို့ဖြင့် နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။

         

 

 

 

 

FacebookTwitter