ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms. Renata Dessallien ဦးဆောင်သောအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆု

နေပြည်တော်၊၂၀၁၇ ၊စက်တင်ဘာ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms.Renata Dessallien ဦးဆောင်သောအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့ကအဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် ၁၉.၉.၂၀၁၇)ရက်နေ၊့နေ့လည် ပိုင်းက သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် Ms. Renata Dessallien က နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ် အတွက် ဆောင်ရွက်မှုများအား အသိအမှတ်ပြုဝမ်းမြောက်ပါကြောင်း၊လတ်တလောစားဝတ်နေရေးထောက်ပံ့မှုများအပြင်ရေရှည်အတွက်ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ထူထောင်ရေးများဆောင်ရွက်နိုင်ရေးအတွက်ပူးပေါင်းကူညီဆောင်ရွက်လိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့်နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့်အဖွဲ့အစည်းအလိုက်သတ်မှတ်တာဝန်များရှိသဖြင့်ယင်းသို့ သတ်မှတ်တာဝန်အရဆောင်ရွက်ရသည့်လုပ်ငန်းများအားဒေသခံပြည်သူများနားလည်နိုင်ရေးအတွက်နိုင်ငံတော်အစိုးရမှကူညီဆောင်ရွက်ပေးစေ လိုပါကြောင်း၊ အကူအညီများပေးရာတွင် ဘေးဒုက္ခအမျိုးအစားအလိုက် လိုအပ်ချက်ကွဲပြားနိုင်သဖြင့် ယင်းအချက်ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါကြောင်း ဆွေးနွေးပါသည်။   

ဗြိတိန်နိုင်ငံသံအမတ်ကြီးကဆွေးနွေးရာတွင်လူသားချင်းစာနာထောက်ထားမှုအကူအညီများလုံလုံလောက်လောက်ပေးအပ်နိုင်ရေးအတွက် နည်းလမ်းရှာဖွေရန်တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုသည် လုပ်ငန်းပမာဏကြီးမားသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရရှိနိုင်သမျှအရင်းအမြစ်အားလုံးကို အသုံးပြုနိုင်ရန်ဝိုင်းဝန်းနည်းလမ်း ရှာဖွေပေး လိုကြောင်း၊ ယခုဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများနှင့် တစ်ဆက်တည်းရေရှည်အတွက်ဆောင်ရွက်ရမည့် အစီအစဉ်များစွာရှိနိုင်ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာက ပေးအပ်လာမည့်အကူအညီများအား လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်ဆောင်ရွက်နေရသည့်အခက်အခဲများကိုနားလည်သိမြင်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေး ပါသည်။

ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်အစိုးရအနေဖြင့်ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်း၍ထိရောက် အောင်မြင်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ဆိုင်ဖြေရှင်းနေရသော အခြေအနေများသည် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ ဆောင်ရွက်ခဲ့သည့်ကာလနှင့်ခြားနားမှုရှိကြောင်း၊လိုက်လျောညီထွေစွာအကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီမှုများဆောင်ရွက်ရာတွင်နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်နိုင်ငံတော်အစိုးရနှင့်နီးကပ်စွာဆောင် ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊  ဖွံ့ဖြိုးမှု အထောက်အကူပြု   မိတ်ဖက် အဖွဲ့အစည်းများနှင့်   လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများဆွေးနွေးနိုင်ရန် ယုံကြည်ပါကြောင်း၊ မိမိဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိသည့်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတာဝန်နှင့်အကြံပြုချက်များစွာအားအကောင်အထည်ဖေါ်ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများ ရွေးချယ်ကာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာများချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်အတွက်  ထောက်ပံ့ ဆောင်ရွက်မှုများတွင် Red Cross Movement ဖြင့် နိုင်ငံတော်အစိုးရက ဦးဆောင်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထိရောက်ဆုံး အောင်မြင်နိုင်ရေးအတွက် ပါဝင်ပတ်သက်သူ အားလုံး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒိန်းမတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် Red Cross Movement နှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          အမေရိကန်ပြည်ထောင်စု   ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့အား တွေ့ဆုံရာတွင် Mr. Patrick Murphy က အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးသော မိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျယ်ပြန့်သည့် စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းနေရသည်ကိုနားလည်သိရှိပါကြောင်း၊ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ဆွေးနွေးရာတွင်လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာကူညီမှုများပေးနိုင်ရေးအတွက်နေရပ်စွန့်ခွာရသူအားလုံးအကူအညီရရှိရေးဆောင်ရွက်မည့်အစီအစဉ်တွင်နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီလိုသူအားလုံးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ဆောင်ရွက်ရမည့်အခြေအနေများအားသိရှိလိုပါကြောင်း၊အရေးပေါ်ထောက်ပံ့ကူညီမှုများအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)ဖြင့် ဆောင်ရွက်မှုသည်အလွန်ကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ရေရှည်အတွက် ပိုမို ကျယ်ပြန့်ကြီးမားသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီလိုအပ်နိုင်သည်ဟု တွေ့ရှိသုံးသပ် မိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ ကူညီနိုင်ရေးအတွက်ရေရှည်လိုအပ်ချက်များအားစနစ်တကျဆန်းစစ်သွားရန်လိုအပ်နိုင်ပါကြောင်း၊ကူညီထောက်ပံ့မှုများဆောင်ရွက်ရာတွင် မလိုလား အပ်သည့် ငတ်မွတ်ခေါင်းပါးမှုများ မဖြစ်ပေါ်စေရေးအတွက် လျင်မြန်မှုကိုဦးစားပေးရန် လိုအပ်ပါ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာနေသူများအနေဖြင့် လိုအပ်ချက်များစွာရှိနိုင်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များအပြင် အခြားမည့်သည့်လုပ်ငန်းများအား ဦးစားပေးဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ပြန်လည်ဝင်ရောက်သူများအား ၎င်းတို့မူလနေရပ်တွင် ပြန်လည်နေထိုင်ခွင့် ရရှိရေး ပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေးပါသည်။

          ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊အကောင်အထည်ဖော်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ(၄)ခုကို ဖွဲ့စည်းထားမှုနှင့် လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရေး ကော်မတီတွင်ဥက္ကဌအနေဖြင့် ဆောင်ရွက်နေမှုနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် အမြဲတမ်း အတွင်းဝန်များ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေ၊ရခိုင်ပြည်နယ်ကိစ္စတွင်လူမျိုး၊ဘာသာမခွဲခြားပဲနေရပ်စွန့်ခွာရသူအားလုံးအားထောက်ပံ့ကူညီပေးနေမှုအခြေအနေ၊ ယင်းသို့ ကူညီရာတွင် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့် နိုင်ငံတော်မှ ဦးဆောင်နေမှုအခြေအနေတို့အား ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်၍ ထို့တို့လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုနှင့် ယခင်အခြေအနေများပေါ်          မူတည်၍ လိုအပ်သလိုညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ကနဦးလိုအပ်ချက်ဆန်းစစ်ခြင်းအဖြစ်သီးခြားဆောင်ရွက်သော်လည်းမူရင်းကျေးရွာများတွင်နေထိုင်သူဦးရေစာရင်း အားပြည်နယ်အစိုးရမှကောက်ခံထားသည့်စာရင်းဇယားများအားအခြေခံပြီးထောက်ပံ့လျက်ရှိကြောင်း၊နေရပ်စွန့်ခွာတိမ်းရှောင်လာသူများအားထောက်ပံ့ရာတွင် မြို့နယ်အဆင့် / ပြည်နယ် အဆင့်အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး လိုအပ်ချက်အရ ပံ့ပိုးဆောင်ရွက် ပေးနေပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ RCM တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတပ်မတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်းလုံခြုံရေးအတွက်ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တိမ်းရှောင်ရောက်ရှိနေသူများအား ပြန်လည် လက်ခံနိုင်ရေးအတွက် ဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအား စနစ်တကျ စိစစ် လက်ခံသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးထားရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း အလားတူကောင်းမွန်သော ဆက်ဆံရေး ဆက်လက် ထားရှိပါကြောင်း ဆွေးနွေးပြောကြားပါသည်။

မွန်းလွဲပိုင်းတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ဒေသအတွင်း ဘေးဒုက္ခခံစားနေရသူ အားလုံးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရက လှူဒါန်းငွေကျပ်(၂၀၀)သန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးကလည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း (ဗဟို) က လှူဒါန်းငွေ ကျပ်သိန်း(၂၀)အား ပါမောက္ခ ဒေါ်ရင်မြနှင့် တာဝန်ရှိသူများမှလည်းကောင်း လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter