ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော် ၊ စက်တင်ဘာ ၂၈

          ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏တတိယအကြိမ်အစည်းအဝေးကို (၂၇.၉.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။          

ကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကမိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက်မြေပြင်ကွင်းဆင်းစိစစ်ခဲ့ရာတွေ့ရှိရသည့် အခြေအနေများအပေါ်မူတည်၍ရေတိုရေရှည်အကောင်အထည်ဖေါ်ရမည့်ကိစ္စများ၊ချက်ချင်းဆောင်ရွက်ပေးရမည့်ကိစ္စများကိုသတ်မှတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ဆောင်ရွက်ရမည့်လုပ်ငန်းများဖေါ်ထုတ်ပြီးဦးစားပေးလုပ်ငန်းများရွေးချယ်ကာထိုဦးစားပေးလုပ်ငန်းများထဲမှ ချက်ချင်းဆောင်ရွက် ပေးရမည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်ရန်လိုအပ်ကြောင်း၊ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းများသည် ရေရှည်အကျိုးရှိမည့်လုပ်ငန်းများဖြစ်ရန်နှင့်လုံခြုံရေး၊တည်ငြိမ်ရေး၊တရားဥပဒေစိုးမိုးရေးတို့ကိုဦးတည်ရမည်ဖြစ် ကြောင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ကော်မတီ၏ပူးတွဲဥက္ကဌရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှစိုက်ပျိုးသီးနှံများရိတ်သိမ်းရေး၊ပိုင်ရှင်မဲ့တိရစ္ဆာန်များထိန်းသိမ်းရေး၊မီးလောင် ပျက်စီးသည့်နေရာများကိုပြန်လည်ရှင်းလင်းဆောင်ရွက်ရမည့်အခြေအနေများကိုလည်းပြည်နယ်တွင်ဆွေးနွေးထားကြောင်း၊မိမိတို့ အကောင်အထည်ဖေါ်ဆောင်ရွက်မှုများသည်ဥပဒေနှင့်ညီညွတ်ရန်လိုကြောင်း၊ဥပဒေနှင့်အညီပြည်နယ်တွင်အကောင်အထည်ဖေါ်ဆောင်ရွက် မည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်ဆောင်ရွက်ထားကြောင်း၊လက်တလောဆောင်ရွက်ရမည့် လုပ်ငန်းများအရေးကြီးသကဲ့သို့ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ သည် အနာဂါတ်အတွက် အရေးကြီး လုပ်ငန်းများဖြစ်သဖြင့် နက်နက်နဲနဲစဉ်းစား ဆုံးဖြတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ရန်လိုကြောင်းဆွေးနွေးပါ သည်။

          ဆက်လက်၍ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မိမိတို့ ဆောင်ရွက်သည့်လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖေါ်ရာတွင်မူဝါဒတစ်ရပ်လိုအပ်မည်ဖြစ်ကြောင်းနှင့်တိုင်းရင်းသားကျေးရွာများပြန်လည်ထူထောင်ပေးရေး၊နယ်စပ်လမ်းများ ကွန်ကရစ်လမ်းခင်းနိုင်ရေးဆောင်ရွက်မှုအခြေအနေကိုဆွေးနွေးပါသည်။ထို့နောက်ကော်မတီအဖွဲ့ဝင်များကသက်ဆိုင်ရာကဏ္ဍအလိုက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးစီမံထားရှိမှု၊ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင် သွားသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး၊ ပြန်လည်လက်ခံရေးအဖွဲ့ ဖွဲ့စည်းရေး၊ NV Card ထုတ်ပေးရေးဆောင်ရွက်ထားရှိမှု၊ သတင်းထုတ်ပြန်မှု လျင်မြန်သွက်လက်စေရေး၊ မြေယာ ပိုင်ဆိုင်မှုများစိစစ်ရေး၊ တယ်လီဖုန်းလိုင်းများကောင်းမွန်ရေး၊ စုရပ်များရှိကျောင်းသား၊ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး စသည့် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter