ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် ဦးသိန်းဆွေတို့ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် သတင်းမီဒီယာများ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်၊၂၀၁၇၊ အောက်တိုဘာ ၁၁

          နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အိမ်နီးချင်း ငါးနိုင်ငံမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ များနှင့်အတူ (၁၀.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။          စစ်တွေမြို့သို့ရောက်ရှိစဉ်ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကစက်တင်ဘာ၅ရက်မှစ၍တပ်မတော်မှနယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရှိမှု၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေ၊ နေရပ်စွန့်ခွာနေသူများအား သွားရောက်တွေ့ဆုံ၍ အားပေး နှစ်သိမ့်ကာ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သွားလာရေး တို့အဆင်ပြေစေရန် ဆောင်ရွက်ပေးမည့်အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ဥပဒေနှင့်အညီ သေချာစွာ စနစ်တကျ စိစစ်၍ ပြန်လည်ခေါ်ယူရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်းညှိနှိုင်း ဆောင်ရွက်မည့်အခြေအနေများ စသည့် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် နေရပ်သို့စွန့်ခွာ ခြင်းမပြုဘဲ မိမိတို့ကျေးရွာ၌ပင် ဆက်လက်နေထိုင်လျက်ရှိသည့် အစ္စလာမ် ဘာသာဝင်များနေထိုင်သည့် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိပြီး ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် ဦးသိန်းဆွေတို့က နိုင်ငံတော်အစိုးရက ဒေသလုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သည့် စားသောက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည့် အခြေ အနေများကိုလည်းကောင်း၊ နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများ အား ဥပဒေနှင့်အညီ စနစ်တကျပြန်လည်ခေါ်ယူနိုင်ရေး နှစ်နိုင်ငံ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြား ကြပြီး မိမိတို့မူလနေထိုင်ရာ ရပ်ရွာ၌ပင် အေးချမ်းစွာ ဆက်လက်နေထိုင်လုပ်ကိုင် စားသောက်ကြရန် မှာကြားသည်။

          ယင်းနောက် အဆိုပါကျေးရွာနေ အစ္စလာမ်ဘာသာဝင်များက ၎င်းတို့၏ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးများက လိုအပ်ချက်များအလိုက် ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ နိုင်ငံတကာ သံတမန်များက ဒေသလုံခြုံရေးအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိမှုအခြေအနေ၊ တစ်ဖက် နိုင်ငံသို့ သွားရောက်ရန်ဆန္ဒ ရှိ၊ မရှိ အခြေအနေများနှင့် သိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းကြသည့်အပြင် ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများ ကလည်း သိလိုသည်များကို တွေ့ဆုံမေးမြန်း သတင်းရယူကြသည်။

          ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် မောင်တောမြို့နယ် လေယာဉ်ပျံကွင်းကျေးရွာအနီးရှိ လေယာဉ်ပျံကွင်း ချောင်းဝ၌ စုဝေးရောက်ရှိ နေသည့် အစ္စလာမ်ဘာသာဝင် ၁ဝဝဝ ခန့်နှင့်လည်းကောင်း၊ ဂေါ်ဒူသာရကျေးရွာ အနီးရှိ နှစ်နိုင်ငံခြံစည်းရိုးအနီးတွင် စုဝေးရောက် ရှိနေသည့် အစ္စလာမ် ဘာသာဝင် ၇ဝဝ ကျော်ခန့်နှင့်လည်းကောင်း ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့က သွားရောက်တွေ့ဆုံသည်။

          အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် စုဝေးရောက်ရှိနေသည့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က စက်တင်ဘာ ၅ ရက်မှစတင်၍ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်မှ ဆောင်ရွက်ခြင်း လုံးဝ မရှိပါကြောင်း၊ သို့ရာတွင် တစ်ဖက်နိုင်ငံ သို့ ယခုအချိန်ထိ သွားရောက်နေသော သတင်းများကြားသိရ၍ ယခုကဲ့သို့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့ ကျေးရွာ၊ မိမိတို့ နေရာများတွင်ပင် ပြန်လည်နေထိုင်ကြစေ လိုကြောင်း၊ လိုအပ်သည့် စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက် ထားမှု အကူအညီများ ပေးအပ်ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်သလို ဘေးကင်းလုံခြုံစိတ်အေး ချမ်းသာနေထိုင်နိုင်ရေးအတွက် လည်း တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့နေထိုင်ရာ ကျေးရွာနေရာများသို့ ပြန်လည်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

          အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H. E. Mohammand Sufiur Rahman ကလည်း တစ်ဖက်နိုင်ငံသို့ မသွား စေလိုကြောင်း၊ မိမိတို့မူလနေထိုင်သည့် ကျေးရွာများ၌ပင် ပြန်လည်နေထိုင်ကြ စေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မိမိတို့ဘက်တွင် ရောက်ရှိနေသူ များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်နှင့်ပြီးသူများ ပင်လျှင် နေရေးထိုင်ရေး၊ စားရေးသောက်ရေး အဆင်မပြေမှုများ ကြုံတွေ့နေရ ကြောင်း၊ သို့ဖြစ်၍ မိမိတို့ ကျေးရွာနေရာများသို့ ပြန်လည်နေထိုင်ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့အပြင် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့မူလနေထိုင်ရာ ကျေးရွာများတွင် အေးချမ်းစွာ ပြန်လည်နေထိုင်ပြီး လုပ်ကိုင်စားသောက်နိုင်စေရန် ဒေသလုံခြုံရေးနှင့် လူသားချင်း စာနာထောက် ထားမှုအကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ အပြည့်အဝ ဖြည့်ဆည်းထောက်ပံ့ပေးမည် ဖြစ်သည့်အပြင် ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်လည်း ကူညီထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့မူလနေ ထိုင်ရာ ကျေးရွာများသို့ပြန်လိုပါက အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရန် အားလုံးစီစဉ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

          နိုင်ငံတကာ သံတမန်များက မူလကျေးရွာများ၌ ဆက်လက်မနေထိုင်လိုသည့် အကြောင်းအရင်း၊ တစ်ဖက်နိုင်ငံသို့ သွားရောက်လိုသည့် အကြောင်း အရင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိမှု ရှိ၊ မရှိ၊ ¤င်းတို့ ၏ သဘောထားများနှင့် သိလိုသည်များကို ပွင့်ပွင့်လင်းလင်းမေးမြန်းကြ သည့်အပြင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကလည်း သိလိုသည်များကို တွေ့ဆုံမေးမြန်း သတင်းယူကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အစ္စလာမ်ဘာသာဝင်များနေထိုင်သည့် မောင်တော မြို့နယ် ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီး အစ္စလာမ်ဘာသာဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများက အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမေးမြန်းပြီး ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့်အိမ်များရှိပါက နိုင်ငံတော်အစိုးရမှ ပြန်လည် တည်ဆောက် ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကိုလည်း နိုင်ငံတော်အစိုးရမှ ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

          ထို့ပြင် နိုင်ငံတော်အစိုးရက ဒေသလုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့ကြောင့် မည်သည့်ဒေသကိုမျှ မပြောင်းရွှေ့ဘဲ မိမိတို့မူလနေထိုင်ရာ ကျေးရွာ၌ပင် နေထိုင်ကြ စေလိုကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မောင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်မဖြစ်ပွားမီအခြေအနေ၊ ဖြစ်စဉ်ဖြစ်ပွားနေစဉ် အခြေအနေနှင့် ဖြစ်စဉ်ဖြစ်ပွားပြီးအခြေအနေများကို မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များဖြင့် ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင် များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လျက်ရှိသည့် ငါးခူရကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း နေထိုင်လျက် ရှိသည့် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ် ဘာသာဝင်များ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများက ဒေသလုံခြုံရေးအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိမှုအခြေအနေများကို မေးမြန်းပြီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လူ့အဖွဲ့အစည်းများအကြား စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဒေသလုံခြုံရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ လိုအပ်ချက်များကို အပြည့်အဝ ထောက်ပံ့ပေး လျက်ရှိပါကြောင်း။

          ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းဖြစ်သည့် အိုးအိမ်၊ ရုံးအဆောက် အအုံ၊ လမ်းတံတားများကိုလည်း ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊နိုင်ငံသားဖြစ်ခွင့်စိစစ်ရေးကတ် NVC လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ရွာလုံးကျွတ်မီးရှို့ခံ ရသည့် ခုံတိုင်ရွာသို့ရောက်ရှိပြီး အဆိုပါကျေးရွာနေ မြိုတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးများက ကျေးရွာပျက်စီးဆုံးရှုံးမှု အခြေ အနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ရရှိမှုအခြေအနေတို့ကို မေးမြန်းပြီး ကျေးရွာရွှေ့ပြောင်းတည်ဆောက်နိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြည့်ဆည်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒေသလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ များဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများနှင့် လိုအပ်ချက်များကို လည်း အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ နိုင်ငံတကာ သံတမန်များ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများသည် ရဟတ်ယာဉ်များဖြင့် စစ်တွေမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။

          နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးH.E. Mr. Hong Liang၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးH.E. Mr. Vikram Misri၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးH.E. Mohammad Sufiur Rahman စသည့် အိမ်နီးချင်း ငါးနိုင်ငံမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ လိုက်ပါ၍ ရခိုင်ပြည်နယ် အတွင်း ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

          ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်းသည့် မူဝါဒပိုင်းဆိုင်ရာ ပြောကြားချက်တွင် တစ်ဖက်နိုင်ငံသို့ သွား ရောက်နေသူများအား ၁၉၉၂-၁၉၉၃ ခုနှစ် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီး များ၏ သဘောတူညီချက်များအတိုင်း ပြန်လည်လက်ခံမည်ဟု ပြောကြားထားပါကြောင်း၊ တစ်နည်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် အရေအတွက်မှာ သိန်းချီကာရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အမှန် တကယ် နေထိုင်ခဲ့ကြသူများကိုသာ စိစစ် လက်ခံသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် နိုင်ငံတော်အနေဖြင့် ဆုံးဖြတ်ထားပါကြောင်း။

          ယခုကိစ္စသည် အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ကိစ္စမျိုး နှစ်ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါအချိန်က နှစ်နိုင်ငံ အပြန်အလှန် နားလည်လေးစားမှုနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည့် သာဓကနှစ်ခုလည်း ရှိပါကြောင်း၊ ယခုကိစ္စ သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား အချင်းချင်းညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း။

          ပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံရာ၌လည်း ယခင် စနစ်တကျစီစဉ်ထားသည့် သဘော တူညီချက်များအတိုင်း ပြန်လည်လက်ခံရန် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းမှုများကို စက်တင်ဘာ ၅ ရက်မှ စတင်၍ လုံးဝဆောင်ရွက်ခြင်း မရှိပါကြောင်း၊ သို့ရာတွင် နိုင်ငံတကာ၌ နယ်မြေရှင်းလင်းရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်လျက် ရှိနေသည်ဟု မှားယွင်းစွာယူဆနေကြပါကြောင်း။

          အခြေအနေမှန်ကိုသိရှိနိုင်ရန်ယနေ့တွင် အိမ်နီးချင်းငါးနိုင်ငံမှ သံတမန်များကို ဖိတ်ခေါ်ပြီး ယခုခရီးစဉ်ကို စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များ လည်း အတူတကွလိုက်ပါလာကြပါကြောင်း၊ အထက်တွင် ပြောကြားခဲ့သည့်အတိုင်း မိမိတို့ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် ယခုခရီးစဉ်ကို စီစဉ်ရခြင်းလည်း ဖြစ်ပါကြောင်း။

          မိမိတို့နှင့် ရင်းနှီးသော နိုင်ငံတကာမိတ်ဆွေနိုင်ငံများကလည်း ယခု ကိစ္စတွင် ကာယကံရှင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံက အချင်းချင်းညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စရပ်အား တိုက်တွန်းအားပေးလျက်ရှိပါကြောင်း၊ အဆိုပါ တိုက်တွန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို ယနေ့ တွင် လက်တွေ့ပြသခြင်း ဖြစ်ပါကြောင်း။

          ယခုခရီးစဉ်ကို အချိန်တိုအတွင်း အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ထို့အတူ မိမိတို့နှင့်အတူ လိုက်ပါလာသည့် သံအမတ်ကြီးများကိုလည်း ကျေးဇူးတင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

 

 

 

FacebookTwitter