ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၁၂

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP)၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David Kaatrud နှင့်အဖွဲ့က (၁၁.၁၀.၂၀၁၇)ရက်နေ့၊နံနက် (၉)နာရီ၌ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက်တွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ လုပ်ငန်းများဆိုင်ရာ မဟာဗျူဟာအသစ်အရ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး  မဟာဗျူဟာအရ ဆောင်ရွက်နေသည့် စာသင်ကျောင်းများတွင် အာဟာရကျွေးမွေးရေးအစီအစဉ်များ၌ (WFP) မှ ပူးပေါင်းဆောင်ရွက်မှုများ၊  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အရေးပေါ်ကူညီပေးရေး လုပ်ငန်းများ၊ ရခိုင်ပြည်နယ်တွင်ဆောင်ရွက်မည့် လူသားချင်းစာနာကူညီမှုအစီအစဉ်များ၊ ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုကဏ္ဍတွင် အရည်အသွေးမြှင့်တင်ခြင်း သင်တန်းများဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ လူသားချင်း စာနာ ကူညီမှုအစီအစဉ်များ၊ လုံခြုံရေးနှင့်မိသားစုများပြန်လည်ပေါင်းစည်းရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အတွက် ယာယီသိုလှောင်ရုံ လိုအပ်ချက်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ဆက်လက်ကူညီသွားရေးကိစ္စရပ်များ ဆွေးနွေး  ခဲ့ကြပါသည်။

          ထိုနောက် ဦးထက်အောင်လင်း ဦးဆောင်သော ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ နှင့် ဆက်လက်တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ပြုစုထားသောဘူးသီးတောင်မြို့နယ်၏ မြေပြင်အခြေအနေများနှင့်ပတ်သက်သည့် အစီရင်ခံစာကိစ္စ၊ ရခိုင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ ဆောင်ရွက်နေသော လူသားချင်းစာနာကူညီမှုဆိုင်ရာလုပ်ငန်းများတွင် လူငယ်များအနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်(ဇီးပင်ကြီး) အကြိုဇေယျသင်တန်းအမှတ်စဉ် (၁၄)သင်တန်းဆင်း အရာထမ်းများက လှူဒါန်းငွေကျပ် (၈၂၀,၀၀၀)အား လည်းကောင်း၊ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (Construction and Housing Development Bank) က လှူဒါန်းငွေ ကျပ် (၁၅,၀၀၀,၀၀၀ိ/-) ကို လည်းကောင်း အဆိုပါ ဝန်ကြီးရုံးသို့ လာရောက်  လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

         

 

FacebookTwitter