ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က လာရောက်တွေ့ဆုံ

 နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၁၆

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Under Secretary General, Mr. Jeffery Feltman နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် (၁၅.၁၀.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

UN Under Secretary General, Mr. Jeffery Feltman ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံရာတွင် ယခုလို အချိန်ပေးလက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်ချက်များအား သိရှိပါကြောင်း၊ ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကိစ္စ၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်မည့်ကိစ္စများ၊ နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ သတ်မှတ်ထားသော အဓိကလုပ်ငန်း(၃)ရပ်ဖြစ်သည့် မိသားစုများ ပြန်လည်ပေါင်းစည်းရေးနှင့် ထောက်ပံ့ရေး၊ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးစသည့် ကိစ္စရပ်များ၊ ၁၉၉၂ ခုနှစ်၊ (၂)နိုင်ငံသဘောတူညီချက်အရ နေရပ်ပြန်လာသူများ လက်ခံရေးကိစ္စ၊ ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေမှုကိစ္စများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အကူအညီပေးရန်အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri နှင့်တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် (၂)နိုင်ငံ  သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမှ အဆိုပြုသည့် အကူအညီအား းဆောင်ရွက်ပေးရန် ဆန္ဒရှိပါကြောင်း၊ ဆောလျင်စွာဆောင်ရွက်လိုပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွား

ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ လူသားချင်းစာနာကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ   နိုင်ငံတော်အဆင့်စီမံကိန်းကို    ယနေ့စတင်ခြင်း၊ အဆိုပါ စီမံကိန်းအား rakhine.unionenterprise.org Website တွင် အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များရယူနိုင်ပါကြောင်း၊ အဆိုပါစီမံကိန်းအရ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများ၊ လူသားအရင်းအမြစ်ဆိုင်ရာ အရည်အသွေးတိုးတက်ရေးအတွက် အကူအညီပေးမည့် ကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ အကူအညီပေးမည့် ကိစ္စရပ်များနှင့် အတွေ့အကြုံများ၊ အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter