လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လွန်ပရာဘွန်မြို့တွင် ကျင်းပပြုလုပ်သော (၅)ကြိမ် မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေး

 နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၂၀
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊လွန်ပရာဘွန်မြို့တွင်၂၀၁၇ခုနှစ်၊အောက်တိုဘာ(၁၉)ရက်နေ့တွင်ကျင်းပပြုလုပ်သော(၅)ကြိမ်မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးဖွင့်ပွဲတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လူမှုဝန်ထမ်းနှင့် အလုပ် သမားဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က အမှာစကားပြောကြားရာ အာဆီယံနိုင်ငံများတွင် သဘာဝဘေးဖြစ်ပေါ်ပါက အာဆီယံနိုင်ငံများ စုပေါင်း၍ အတူတကွကူညီဆောင်ရွက်သော ONE ASEAN ONE RESPONE အစီအစဉ်ဖြင့် ကူညီဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre) က အဓိကဆောင်ရွက်ပေးနေကြောင်း၊ ယခုအခါ သဘာဝ ဘေးအန္တရာယ်များသာမက လူကြောင့်ဖြစ်သောဘေးများတွင်လည်း ကူညီဆောင်ရွက်လျက်ရှိရာ ဖိလစ်ပိုင်နိုင်ငံနှင့်မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့တွင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားပါသည်။
ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးအား ဖွင့်လှစ်ပေးပါသည်။ထို့နောက် အာဆီယံနိုင်ငံများမှဝန်ကြီးများနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့သည် အမှတ်တရဓာတ်ပုံရိုက်ကူး ကြပါသည်။
ထို့နောက် ASEAN Day for Disaster Management ကို ဖွင့်လှစ်ပေးပြီး အထိမ်းအမှတ် အဖြစ် မဲခေါင်မြစ်အတွင်းသို့ ငါးများလွှတ်ကြပါသည်။
နေ့လည်ပိုင်းတွင် အစည်းအဝေးကို ပြန်လည်ကျင်းပရာ အာဆီယံနိုင်ငံများမှ တစ်နိုင်ငံချင်း အလိုက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဆေ ာင်ရွက်နေမှုကို ဆွေးနွေးတင်ပြကြ ပါသည်။
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးရာ -
AHA Centre မှတဆင့် အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၄)သိန်းကျော်တန်ဖိုးရှိသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပစ္စည်းများ ထောက်ပံ့ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ အာဆီယံနိုင်ငံများသည် တူညီသော ရေမြေသဘာဝနှင့်ရာသီဥတုများရှိခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ၏ စိန်ခေါ်မှု များကိုလည်း တူညီစွာခံစားရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကို အရင်ကထက် ပိုမိုစွာ ခံစားနေရပါကြောင်း၊ အစိုးရနေဖြင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများကို ကာကွယ်နိုင်ရန်နှင့်လျော့နည်းစေရန် အစွမ်းကုန်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒုတိယသမ္မတ(၂) ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့်လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ကြိုတင်ကာကွယ်ရေးနှင့်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်သတိပေးစနစ်များ ဖော်ဆောင်ခြင်း၊ ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ ဘက်စုံသုံး Cyclone Shelter များ ဆောက်လုပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ပုံငွေများလည်း တိုးမြှင့်ချထားဆောင်ရွက်လျက် ရှိပါကြောင်း၊ လူသားအရင်းအမြစ်များ စွမ်းရည်မြင့်မားရေးအတွက်လည်း သင်တန်းကျောင်းများ ဖွင့်လှစ်၍ ဆောင်ရွက်နေပါကြောင်း၊ Myanmar Action Plan for Disaster Risk Reduction (MAPDRR) ကိုလည်း ရေးဆွဲ၍ ဦးစားပေးလုပ်ငန်း (၃၂)ခုဖြင့် အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ခံနိုင်သော အာဆီယံဒေသဖြစ်စေရန်နှင့် ONE ASEAN ONE RESPONSE လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
အစည်းအဝေးတွင် AHA Centre မှ သဘာဝဘေးအန္တရာယ်များတွင်သာမက လူကြောင့် ဖြစ်သော ဘေးဒုက္ခများတွင်ပါ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးနေမှုကိုလည်း အလေးထား ဆွေးနွေးခဲ့ကြပါသည်။
အောက်တိုဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် ကျင်းပသော (၃၁)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး၏ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးများမှ ဆွေးနွေးရရှိ ချက်များကို အာဆီယံဝန်ကြီးများမှ ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၈-၁၀-၂၀၁၇)ရက်နေ့ ညနေပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လူမှုဝန်ထမ်းနှင့်အလုပ်သမားဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့လည်း တက်ရောက်ခဲ့ပါသည်။

 

FacebookTwitter