ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသားအဆင့်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီများ၏ ပထမအကြိမ် အစည်းအဝေးများ ကျင်းပပြုလုပ်

၂၄.၁၀.၂၀၁၇၊ နေပြည်တော်

          ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုံရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းသည် ပဋိသန္ဓေ နေစဉ်ကာလမှ စတင်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်အရွယ်မှစ၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံ၏အနာဂါတ်အတွက် ကောင်းမွန်သော လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ပြုစုပျိုးထောင်ရေးနှင့် ဖွ့ံ့ဖြိုးရေးဟူ၍ အပိုင်း(၂)ပိုင်းရှိကြောင်း၊ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးကြီးကြောင်း၊ မိသားစုအတွင်း အဆင်မပြေမှုများသည် ပဋိသန္ဓေတည် နေသော ကလေးနှင့်ဆက်စပ်မှုရှိသည်ကို ပညာရှင်များက လေ့လာတွေ့ရှိထားသည်ကို သိရှိ ရပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး မျိုးရိုးဗီဇကြောင့်သာမက မိသားစုပဋိ့ပက္ခ များကြောင့်လည်း  ပုံမမှန် မွေးဖွားလာသည်များရှိပါကြောင်း၊ တစုံတရာချို့ယွင်းမှုရှိပါက ကလေးငယ်များ၏ ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရနိုင်ပါကြောင်း၊ ကိုယ်ဝန် ဆောင်စဉ် ကာလမှစတင်၍ အာဟာရဖွံ့ဖြိုးမှုသည် အရေးကြီးပါကြောင်း၊ ပဋိသန္ဓေ တည်စမှ အသက်(၂)နှစ်အထိ အာဟာရပြည့်မီရေးကို ဆောင်ရွက်ပေးနိုင်ခြင်းသည် ဦးနှောက်ဖွံ့ဖြိုးရေးကိုများစွာ အထောက်အကူဖြစ်စေပါကြောင်း၊ သို့ဖြစ်ရာ ဝန်ကြီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာမည့် ကလေးအသက်(၂)နှစ်အထိ အာဟာရပြည့်မီရေးအတွက် ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ဖွံ့ဖြိုးမှုနည်းသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် စတင် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစီအစဉ်တွင်အာဟာရဖွံ့ဖြိုးရေးအတွက် ပညာပေးလုပ်ငန်းများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိသားစုစီမံကိန်းများလည်း ပါဝင် ကြောင်း၊ မှန်ကန်သောနည်းလမ်းဖြင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ များကိုလည်း ရေးဆွဲပြဌာန်းထားရှိပြီး လိုအပ်ပါက ခေတ်စနစ်နှင့်လျော်ညီစွာ ပြောင်းလဲ ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေး (၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နည်းစနစ်မှန်ကန်စွာပြုစုစောင့်ရှောက်ရေးနှင့် အသိပညာ ပြန့်ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြု ဆွေးနွေး ခဲ့ကြပါသည်။ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကိုဆက်လက်ကျင်းပပြုလုပ်ရာ ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရင်းနှီးမြုပ်နှံမှုသည် အရေးကြီးပါကြောင်း၊ ရင်းနှီးမြုပ်နှံမှုဆောင်ရွက်ရာတွင် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးရင်းနှီးမြုပ်နှံခြင်းသည်အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုပင် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်(၁၀)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် စွန့်ပစ်ကလေးများ လျော့ပါး ရေး၊ မူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ ရပ်ရွာအခြေပြု အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ နည်းစနစ်တကျ ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းခြင်းတို့ကို ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်များတွင်ပြည်သူများ၏ပါဝင်မှုသည်အရေးကြီး ပါကြောင်း၊ မွေးကင်းစမှ အသက်(၈)နှစ်အရွယ်အထိကို ရှေးဦးအရွယ်ဟု သတ်မှတ်ထားရှိ ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒတွင် မဟာဗျူဟာ(၁၀)ရပ်ပါရှိပါကြောင်း၊ အဆိုပါ(၁၀)ရပ်တွင်ပါဝင်သည့် အစီအစဉ် တစ်ရပ်ခြင်းစီ ကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးအတွက် ပထမငါးနှစ် မဟာဗျူဟာ (၂၀၁၇-၂၀၂၁) မကြာမီပေါ်ထွက်လာမည်ဖြစ်ရာ ရလဒ်ကောင်းများ ရရှိစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားပါသည်။

          အစည်းအဝေးသို့ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter