ကျားမ တန်းတူညီမျှရရှိရေးနှင့်အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကား တိုးမြှင့်စေရေးနှင့်သက်ဆိုင်သည့် အဆင့်မြင့်အရာရှိကြီးများညီလာခံ ကျင်းပ

 နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ၂၇

          စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့နှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၅)ဖြစ်သော ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ် များအားလုံး စွမ်းပကားတိုးမြှင့်ရေးနှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ High Level Conference on Gender Equality (SDG-5)ကို နေပြည်တော် MICC-2 ၌ (၂၆.၁၀.၂၀၁၇)ရက်နေ့၊ နံနက်တွင် ကျင်းပပြုလုပ်ပါသည်။          အဆိုပါညီလာခံသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍အဖွင့်အမှာစကားပြောကြားရာယနေ့ကျင်းပပြုလုပ်သောညီလာခံ၏ရည်ရွယ်ချက်များမှာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းများ ကိုစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်အမှတ်(၅) နှင့်ချိတ်ဆက်၍ ထည့်သွင်းဆောင်ရွက်ရန်၊ ညီလာခံသို့တက်ရောက်လာကြသော အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များမှရရှိသည့် မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များကို ဝန်ကြီးဌာနများ၏ စီမံကိန်းများတွင် ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပြည်ထောင်စုအဆင့်တွင်သာမက တိုင်းဒေသကြီး/ပြည်နယ်အဆင့်များအထိ လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သွားကြရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan For the Advancement of Women NSPAW(၂၀၁၃၂၀၂၂)ကိုရေးဆွဲထားရှိပြီးကျားမရေးရာအစီအစဉ်များ၊ကျားမတန်းတူညီမျှစေရေးအတွက်ဆောင် ရွက်ပေးနေသည့်လုပ်ငန်းစဉ်များ၊အမျိုးသမီးများရရှိသင့်သည့်အခွင့်အရေးများကိုလူတိုင်းအကျုံးဝင်ခံစားခွင့်ရရှိရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အမှတ်စဉ်(၅)၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကျန်ရှိနေသည့်(၅)နှစ်တာကာလ အတွက် မူဝါဒဆိုင်ရာအကြံပြုချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာတွင်လည်း လုပ်ငန်းအဖွဲ့(၄)ဖွဲ့အား ဖွဲ့စည်းထားရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ရေး၊ အမျိုးသမီးများနိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရေး၊ ကျားမရေးရာအမြင် ထည့်သွင်းစဉ်းစားရေးနှင့် အမျိုး သမီးများငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့် စပ်လျဉ်း၍ကဏ္ဍ(၅)ခုဖြင့် ဆွေးနွေးကြမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုး သမီးရေးရာကော်မတီကို ဖွဲ့စည်းထားရှိပြီး ၎င်းကော်မတီတွင် အမျိုးသမီးများနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံး ပါဝင်ပါကြောင်း၊ အဆိုပါ ကော်မတီ၏ ဦးဆောင်မှုဖြင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ၊ အရပ်ဖက် အသင်းအဖွဲ့များ ပူးပေါင်းပြီး ဘေဂျင်းလုပ်ငန်းစီမံချက်အတိုင်း ဦးစားပေးလုပ်ငန်း နယ်ပယ် (၁၂)ရပ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့အပြင်နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် အမျိုးသမီးများအနေဖြင့် တက်ကြွစွာ တန်းတူပါဝင် နိုင်ရေးအတွက် အတားအဆီးများကို ဖယ်ရှားဖို့ရည်ရွယ်ပြီး အမျိုးသမီးများအား နည်းစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ခုနှစ်၊ ဇူလိုင်လ ၂၂ရက် နေ့တွင် မြန်မာနိုင်ငံကလက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံအနေဖြင့် ကျားမတန်းတူဆက်ဆံရေး နှင့် ခွဲခြားမှုပပျောက်ရေးလုပ်ငန်းများကို နိုင်ငံတော်က တာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၅)ကို အကောင်အထည် ဖေါ်ရာတွင် လုပ်ငန်း(၉)ရပ်ဖြင့် လက်တွေ့ဖော်ဆောင်နေပါကြောင်းနှင့် ကျားမတန်းတူညီမျှ ရေးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(၁၇)ရပ်တွင် သီးခြားဖော်ပြခြင်းခံရသော ပန်းတိုင်တစ်ရပ်ဖြစ်ပြီး အမျိုးသမီးများပါဝင်သောငြိမ်းချမ်းရေးဖြစ်စဉ်သည် ခိုင်မြဲမှုရှိပြီးကြောင်း ကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်ခံကြပါကြောင်း၊အမျိုးသမီးများကို ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပဋိပက္ခများဖြေရှင်းဆောင်ရွက်ရာတွင် ပါဝင်ခွင့်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်ပါကြောင်း၊ ယခု မြန်မာနိုင်ငံတွင် UEHRDစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေချိန်တွင် အမျိုးသမီးများ ပူးပေါင်းပါဝင်မှုသည်လည်း အရေးပါ ပါကြောင်း၊ ASEANနိုင်ငံများတွင် ဘဏ္ဍာရေးကဏ္ဍ၌ သီးခြားဘတ်ဂျတ်များ လျာထားပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို အရှိန် မြှင့်တင် ဆောင်ရွက်နေပါကြောင်း၊ (NSPAW)လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ရည်မှန်းချက်နှင့် ညွှန်းဆိုချက်များကို စီမံကိန်းများတွင် ထည့်သွင်းခြင်းအားဖြင့် စဉ်ဆက်မပြတ် ဖ့ွံဖြိုးမှုပန်းတိုင်(၅)ကို အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်းနှင့် ယခုညီလာခံတွင် ဆွေးနွေး ကြသည့်အချက်များသည် NSPAW နှင့် မည်သို့ ဆက်စပ်သည်ကို တွေ့ရှိနိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအလိုက် အမျိုးသမီးများစွမ်းဆောင်မှုနှင့် ကျားမတန်းတူညီမျှရေး အခြေအနေများ ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊နိုင်ငံတော်အဆင့်ဖွဲ့စည်းထား ပြီးဖြစ်သောမြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးရေးရာကော်မတီကဦးဆောင်ပြီး အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ထိ ဆောင်ရွက်နိုင်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်ထားပါကြောင်း၊ အမျိုးသမီးများအပေါ်ခွဲ ခြားဆက်ဆံခြင်း၊ အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးနှင့် သဘာဝဘေး အန္တရာယ်များကို ခံနိုင်ရည်မြင့်မားစေရေးတို့အတွက် ဆောင်ရွက်ရာတွင် သိသာထင်ရှားစွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာရပ်များကိုလည်း ရေးဆွဲသွားမည်ဖြစ်ပါ ကြောင်းနှင့် ယခုညီလာခံကအကြံပြုချက်များသည် မူဝါဒများဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မည့်သူများ သိရှိ နိုင်မည့် သတင်းအချက်အလက်များကို ပံ့ပိုးအကြံပြုခြင်း၊ ဘဏ္ဍာငွေလျာထားသတ်မှတ် ခြင်းနှင့် အသုံးပြုသည့်နည်းလမ်းများကို ပြန်လည်ဆန်းစစ်ခြင်းတို့ကို တိုင်းတာနိုင်မည့်အညွှန်း ကိန်းများကို သတ်မှတ်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၅)နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများ ညီလာခံသို့ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးများမှ လူမှုရေး ဝန်ကြီးများ၊ ဒုတိယကြီးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ UNFPA မှ ဌာနေကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ဖွံ့ဖြိုးမှု မိတ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေး အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်းကိုယ်စားလှယ်(၄၅၀)ဦးခန့် ပါဝင်တက်ရောက်လျက် ရှိပြီးညီလာခံအား (၂၆-၁၀-၂၀၁၇)ရက်နေ့မှ  (၂၇-၁၀-၂၀၁၇)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                  

 

 

FacebookTwitter