UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းစဉ်တွင် ပြည်သူမှ ပြည်သူသို့ အကူအညီပေးရေး လူငယ်ထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်မည်

 ရန်ကုန်၊၂၀၁၇၊နိုဝင်ဘာ ၇

          ရခိုင်ပြည်နယ်အတွင်း လူသားချုင်းစာနမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း လူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကို (၆.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး၊ ကမာရွတ်မြို့နယ်၊ သံလွင်လမ်းရှိ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့  တက်ရောက် အမှာစကား ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက UEHRD စီမံကိန်းသည် ပြည်သူ့အားဖြင့် ဆောင်ရွက်မည့် ပြည်ထောင်စု တစ်ခုလုံးပါဝင်သော စီမံကိန်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘေးဒဏ်ခံစားရသည့် ရခိုင်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်း အပါအဝင် ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပဋိပက္ခကင်းဝေးရေး စသည့်လုပ်ငန်းစဉ် (၃)ရပ်ပါဝင်ပါကြောင်း၊ ပြည်သူ့အင်အားဖြင့် ဆောင်ရွက်ရာတွင် လူသားချင်းစာနာ ထောက်ထားမှု့ အကူအညီကို လူငယ်ထု၏ အင်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် အလားအလာကောင်းများကိုပိုင်ဆိုင်ပြီး နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်း တာဝန်ယူရမှာဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လူငယ်များ၏ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးမှု အနာဂတ်အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် မဟာဗျူဟာ လမ်းညွှန်ချက်များကို ချမှတ်ပေးနိုင်ရေး တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေး လိုအပ်သည့်အရင်းအမြစ်များ၊ ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများကို စနစ်တကျ ဖော်ညွှန်း ထားသည့် မူဘောင်တစ်ခုဖြစ်သော လူငယ်မူဝါဒ ပေါ်ပေါက်လာရေးကို ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ လူငယ်များအတွက် ငြိမ်းချမ်းမှုကို ချစ်ခင်မြတ်နိုး သော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးဖော်ဆောင်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်အားပေးဖို့လိုပါကြောင်း၊

          ရခိုင်ပြည်နယ်တွင်အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်၊ လူသားချင်းစာနာထောက်ထားမှု့ အကူအညီများကို နည်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ပေးအပ်လျက်ရှိကြောင်း၊ ပိုမိုထိရောက်စေရန် UEHRD ပြည်ထောင်စုစီမံကိန်းအဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဤစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းလူငယ်များကို လုပ်ငန်းခွင်အကြိုသင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သလို လူငယ်များ၏ စည်းလုံး ညီညွတ်မှု၊နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုချစ်စိတ်ကို ဖော်ပြရာလည်းရောက် ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီကျကျ ရေးစွဲခဲ့သောလူငယ်မူဝါဒကို အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ဖော်ဆောင်ရန် အားထုတ်ကြိုးပမ်းမည့် အစီအစဉ်များအတွက် အထောက်အကူဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဆောင်ရွက်မှုများတွင် အခက်အခဲရှိခြင်း၊ ပြသာနာများကြုံတွေ့ခြင်းတို့ဖြစ်နိုင်ကြောင်း၊ ထိုအခါ နောက်ပြန် လှည့်ထွက်သွားရန်မဖြစ်နိုင်ကြောင်း၊ ရင်ဆိုင်ကျော်လွှားရမည်ဖြစ်ပါကြောင်း၊ ရင်ဆိုင်ကျော်လွှားရာတွင် လတ်တလော ဖြေရှင်းကျော်လွှားနိုင်ခြင်းရှိသလို ပညာမျက်စိဖြင့် အရှည်မျှော်တွေးပြီး ရေရှည်ကျော်လွှား ဆောင်ရွက်ရမည်လည်းရှိပါကြောင်း၊ လူငယ်များအနေဖြင့် မည်သည့်အခြေအနေတွင်ဖြစ်စေ ရင်ဆိုင် ကျော်လွှားနိုင်ရန် အစိုးရက ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု ဆောင်ရွက်နေသော လုပ်ငန်းသည် နိုင်ငံရေးအတွက် လူငယ်များကို အသုံချခြင်းမဟုတ်သည်ကို ပွင့်ပွင့်လင်းလင်း ပြောထား လိုကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင် လူငယ်များ၏ ပါဝင်မှု၊ ရပ်တည်မှုနှင့်စွမ်းပကားမြင့်မားရေး၊ အရည်အချင်း တိုးတက်ကောင်းမွန်ရေးများသည် နိုင်ငံတော်၏ အနာဂတ်အကောင်းအဆိုးကို ဖော်ညွှန်းမှာဖြစ်ပါကြောင်း၊ လူမျိုးဘာသာ ဓလေ့ထုံးတမ်းစဉ်လာ မတူညီ သော်လည်း နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူအားလုံးကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိသော၊ သာတူညီမျှဖြစ်သော၊ လိုအပ်ချက် အမှန်ကို ဖြည့်ဆည်းပေးနိုင်သော၊ ကူညီထောက်ပံ့မှုမျိုးဖြစ်စေရန် ကြိုးစားဆောင်ရွက်စေမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့်လည်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏အရည်အသွေးကို ပိုမိုမြင့်မားအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ ယခုသင်တန်းအပြီးတွင် ဆောင်ရွက်မည့် ပြည်သူ့အတွက် လူငယ်ရက်(၂၀)အစီစဉ်တွင် ပါဝင်လုပ်အားပေးကြမည့် လူငယ်များအားလုံးကို နိုင်ငံတော်က မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် ယခုလုပ်ငန်းအစီအစဉ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြ သည့်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဖြစ်ပေါ်နေသော ရခိုင်ပြည်သူ များ၏အရေးသည် အမျိုးသားရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှု ထိပါးရေးအထိ ရောက်ရှိ ခဲ့သောအခြေအနေဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ထောင်စုစီမံကိန်း UEHRD သည် ပြည်သူတစ်ရပ်လုံး ပါဝင်မည့် စီမံကိန်းတစ်ခုဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးဟူသော ရည်ရွယ်ချက်(၃)ရပ်ဖြင့်ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း ဘေးဒဏ်ခံ ပြည်သူများကိုအကူအညီပေးရေးတွင် လူငယ်များ၏ ထက်သန်သောရည်မှန်းချက်ဖြင့် မိမိတို့၏ စွမ်းရည် များကို ပြသခွင့်ရသည့် အခြေအနေတစ်ရပ်ပင်ဖြစ်ကြောင်း၊ ထိုသို့ ပါဝင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းသည် ဒီမိုကရေစီ ကူးပြောင်းရေးကာလအတွက် ထူးခြားမှုရှိကြောင်း၊ အစိုးရဦးဆောင်သည့် ပြည်ထောင်စုစီမံကိန်း သည်  ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ကူညီမှုပြုခြင်းဖြစ်ကြောင်း၊ ဘေးဒုက္ခ ကြုံတွေ့ ရသော ပြည်သူများကို ငြိမ်းချမ်းစွာနေထိုင်နေရသော ပြည်သူများကကူညီဆောင်ရွက်မှုတွင် လူငယ်များ၏ပါဝင်မှုအတွက် အစိုးရသည် ဆက်ထုံးအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ UEHRD ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ်ဒေါက်တာအောင်ထွန်းသက်၊ သတင်းနှင့် ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်၊ ရခိုင်ဒေသခံလူမှုအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ခဲ့ကြပါသည်။ ယခုဖွင့်လှစ်သည့် ပထမအကြိမ်သင်တန်းသို့ ရခိုင်ပြည်နယ်နှင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်းသားစုစုပေါင်း (၈၃)ဦးတက်ရောက်လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘေးဒုက္ခခံစားရသူများ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို မိသားစုလက်ဝယ်အရောက် အဖွဲ့တစ်ဖွဲ့လျှင် (၂၀)ဦးစီပါဝင်သော လူငယ်အဖွဲ့များ ဖွဲ့စည်း၍ တစ်ကြိမ်လျှင် ရက်(၂၀)ကြာ အလှည့်ကျ သွားရောက်လုပ်ငန်းဆောင်ရွက်မည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

         

                   

         

 

 

 

 

 

FacebookTwitter