ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းရိုင်း တရားမဝင် ရှာဖွေသူများနှင့် ပတ်သက်၍ စီမံချက်ရေးဆွဲနိုင်ရေးနှင့် လူမှုစီးပွားဘဝဖွ့ံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ပူပေါင်းဆောင်ရွက်သွားမည်

 ကချင်ပြည်နယ်၊မြစ်ကြီးနား၊၂၀၁၇၊နိုဝင်ဘာ ၁၄                                   

          ကျောက်စိမ်းရိုင်းတရားမဝင်ရှာဖွေသူ(ရေမဆေး)များ၏ဥပဒေနှင့်အညီအလုပ်အကိုင်ရရှိစေရေး၊ဥပဒေမဲ့လုပ်ရပ်များမပြုလုပ်စေရေး၊ပြန် လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက်စီမံချက်ရေးဆွဲနိုင်ရန် ရည်ရွယ်ပြီးညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် (၁၃.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။           ပြည်ထောင်စုဝန်ကြီးကအစိုးရအဖွဲ့သစ်အနေဖြင့်တိုင်းရင်းသားအရေးနှင့်ပြည်တွင်းပြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်နေသောအချိန်တွင် ပြည်သူ၏တင်ပြချက်နှင့် လိုအပ်ချက်များကိုမူတည်ပြီး မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြေရှင်းဆောင်ရွက် ပေးနေပါကြောင်း၊ ကချင်ပြည်နယ်ရှိ ကျောက်စိမ်းရိုင်း တရားမဝင်ရှာဖွေသူ (ရေမဆေး) များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်နေသော အခက်အခဲများသည် လတ်တလော ပဋိပက္ခအသွင် ရှိနေပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ကြ သူများ၊ ဝန်ကြီးဌာနနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများပါဝင်ပတ်သက်နေသောလုပ်ငန်းတစ်ခုဖြစ်ပါ ကြောင်း၊ကြုံတွေ့နေကြသောအခက်အခဲကိုဖြေရှင်းနိုင်မည့်နည်းလမ်းမှာတရားဥပဒေအရဖြေရှင်းဆောင်ရွက်ပေးနိုင် သော စီမံချက် တစ်ခုရေးဆွဲနိုင်ရေးဖြစ်ပါကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံများ၏ အားသာချက်၊ အားနည်းချက်များနှင့် နှိုင်းယှဉ်ပြီး ပိုမိုကောင်းမွန်သော စီမံချက်တစ်ခု ဖြစ်စေရန်အတွက် ပါဝင်ဆွေးနွေးအကြံပြုပေးကြစေလိုပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများ၏အရေးကိစ္စကို အလျင်အမြန်တုံ့ပြန်ဖြေရှင်းပေးရန်အတွက် အမြဲ အလေးထား ဆောင်ရွက်နေပါကြောင်းဖြင့် ပြောကြားပါသည်။

          ဆက်လက်၍ကချင်ပြည်နယ်ရှိရေမဆေးကျောက်လုပ်ငန်းနှင့် ပတ်သက်သော ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် အဖွဲ့အစည်းများအလိုက် ပါဝင်ဆောင်ရွက်နေမှုများ၊ ကျောက်မျက်ရတနာ နယ်မြေအတွင်း လုံခြုံရေးဆောင်ရွက် ထားရှိမှုအခြေအနေအပေါ် လိုက်နာဆောင်ရွက်မှု၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ၊ အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဖြေရှင်းနိုင်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုကြရာ လိုအပ်ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ကချင်ပြည်နယ်အတွင်း မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ် ခဲ့ရသူများနှင့် ရေမဆေးကျောက်ရှာဖွေရေးလုပ်ငန်းခွင်အတွင်း ကျဆုံးခဲ့သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့အား ထောက်ပ့ံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မိုင်းဒဏ်ရာကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူ (၅)ဦးအား တစ်ဦးလျှင် (၂)သိန်းကျပ်စီ နှင့် ကျဆုံးသွားသော ရဲဒုတပ်ကြပ်အောင်ခိုင်အတွက် သားဖြစ်သူ မောင်အောင်နိုင်ထွန်း အား ထောက်ပံ့ငွေ (၇)သိန်းကျပ်တို့ကိုပေးအပ်ရာ လက်ခံရရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းများအား ကူညီထောက်ပံ့ရေးအစီအစဉ်အရ ကချင်ပြည်နယ်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့် မသန်စွမ်းဖြစ်ရသူအားလုံးအတွက် ဆက်လက်၍ ထောက်ပံ့ကြေးငွေများ ပေးအပ်သွားမည် ဖြစ်ပါသည်။

အဆိုပါ အစည်းအဝေးသို့ ကချင်ပြည်နယ်ဝန်ကြီးချုုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ INGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာရှိ IDP စခန်းနှင့် မိုင်းနားအာရ်စီစခန်းများသို့ သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရှုံး ဝန်ကြီးဌာနမှ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ထားရှိသော လူမှုစီးပွားဘဝဖွံ့ဖြိုးမှု လုပ်ငန်းများ၏ တိုးတက်မှုအခြအနေ၊ ဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးက်မှုအခြေအနေများကို လေ့လာကြည့်ရှုပြီး လိုအပ်ချက်နှင့် တင်ပြချက်များအပေါ် ဆက်လက်ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ခရီးစဉ်အတွင်း မိုင်းနားအာရ်စီ်စခန်းအတွင်း ကျင်းပပြုလုပ် နေသော ကလေးသူငယ်များအတွက် မိုင်းအန္တရာယ် အသိပညာပေး ပြပွဲပြိုင်ပွဲသို့ ပါဝင် တက်ရောက်အားပေးပြီး ဆုရရှိသောကလေးငယ်များကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကာ ကလေးကစားစရာ အရုပ်များနှင့် မုန့်များကိုလည်း ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

FacebookTwitter