UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator နှင့် Myanmar MEDECINA SANS FRONTIERES အဖွဲ့တို့မှ သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ၁၇

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN Resident and Humanitarian Coordinator ဖြစ်သူ Mr.Knut Ostby နှင့် MSF- Switzerland In Myanmar, MEDECINA SANS FRONTIERES မှ Head of Mission ဖြစ်သူ Mr. Kevin Coppock ဦးဆောင်သော အဖွဲ့တို့က (၁၆.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံပါသည်။

          ရှေးဦးစွာ UN Resident and Humanitarian Coordinator ဖြစ်သူ Mr. Knut Ostby နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်နေမှုများအား သိရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂနှင့်အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များကိုအဓိကထား၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ဖွံ့ဖြိုးမှုအထောက်အကူပြု အကူ အညီ ပေးရေးမူဘောင်ရေးဆွဲ  အကောင်အထည်ဖော်နေသည့်ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ တုံ့ပြန်ရေး အစီအစဉ်ဖြင့် ဆောင်ရွက်မည့် ကိစ္စများ၊လက်ရှိမြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသောလုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှု အခြေအနေများ၊ အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်ထားသည့် ကိစ္စများ၊ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများတည်ထောင်၍ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD အား ထူထောင်၍ ပြည်သူများ၏အင်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖောင်ဒေးရှင်းများနှင့် အခြားသောအဖွဲ့အစည်းများ၏ အကူအညီ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရေးဆွဲထားသောလူငယ်မူဝါဒအား အကောင်အထည်ဖော် သည့်အနေဖြင့် စေတနာ့ဝန်ထမ်းလူငယ်များ၏အကူအညီဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ဆောင်ရွက်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနေမှုများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဇုံများ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းစီမံကိန်း များ ချမှတ်ဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြု ချက်(၈၈)ချက်အနက် လျှပ်စစ်မီးဖြန့်ဖြူးရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းများအား ဦးစားပေးအကောင်အထည်ဖော်နေသည့် ကိစ္စရပ်များအား ဆွေးနွေးပြီး နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် UEHRD တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား အကြံပြု ဆွေးနွေးခဲ့ပါသည်။

ထို့နောက် MSF- Switzerland In Myanmar, MEDECINA SANS FRONTIERES မှ Head of Mission ဖြစ်သူ Mr. Kevin Coppock ဦးဆောင်သောအဖွဲ့နှင့်ဆက်လက် တွေ့ဆုံရာ MSF အနေဖြင့် မြန်မာနိုင်ငံအတွင်း (၂၅)နှစ်ကြာ ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသော အစိုးရ၏ လုပ်ငန်းများတွင် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့အကူအညီပေးမည့် နည်းလမ်းများကို မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီအစိုးရအသစ်အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ MSF အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ UEHRD ၏ လုပ်ငန်းများအား အကူအညီပေးနိုင်မည့်နည်းလမ်းများအား အကြံပြုဆွေးနွေး ခဲ့ကြပါသည်။

FacebookTwitter