စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကို ဖော်ဆောင်ရာတွင် မသန်စွမ်းသူ များ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၄                   အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ(၁)၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာ စကားပြော ကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးက နှစ်စဉ် ဒီဇင်ဘာလ (၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပါကြောင်း၊ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်မြန်မာနိုင်ငံအနေဖြင့်ဂုဏ်ပြုကျင်းပခဲ့သည်မှာ(၂၄)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ Transformation towards sustainable and resilient society for all (စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ခံနိုင်စွမ်းသော လူ့ဘောင်သို့ အားလုံးပါဝင်ပြောင်းလဲစို့) ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အကျိုးကို ဖော်ဆော်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်၍ အစဉ်အလာအရ ကျင်းပခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏ (၁)ဘီလီလျံကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေရပြီး  လူ့အသိုက်အဝန်းတွင်  အပြည့်အဝပါဝင်ဆောင်ရွက်ခွင့်   ဆုံးရှုံးနေသည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို အခြေပြုသော တရားမျှတမှု၊ ကောင်းကျိုးစီးပွားနှင့် လူ့အဖွဲ့အစည်းအတွင်း လူတန်းစေ့ ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို ပြည့်မီစွာရရှိစေရေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့်  ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သင်တန်းကျောင်းအခြေပြုအဖြစ် မသန်စွမ်းသင်တန်းကျောင်း (၈)ကျောင်းဖွင့်လှစ်၍ မသန်စွမ်းသူများပြန်လည်ထူထောင်ရေးနှင့် ဖ့ွံဖြိုးတိုးတက်ရေး  လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးစောင့်ရှောက်ရန်လိုအပ်သော ဉာဏ်ရည်မသန်စွမ်းအပါအဝင် မသန်စွမ်းသူများအတွက် အထူးပညာရေးစနစ်များ ဖော် ဆောင်ခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင် ဖန်တီးခြင်း၊ လူထုအားအသိပညာပေးခြင်း စသည့်လူမှုရေးဆိုင်ရာ ပြန်လည်ထူထောင် ပေးခြင်းကိုလည်း ရပ်ရွာအခြေပြုလုပ်ငန်းအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်း သူများ၏အခွင့်အရေးဥပဒေကို ၂၀၁၅ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေများကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်သည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာရှိခြင်း၊ ခန္ဓာကိုယ်/ဉာဏ်ရည် မသန်စွမ်းမှု ရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းတို့ကို ခံစားရနိုင်ခြေရှိသော မွေးစမှ အသက်(၅)နှစ် အထိရှိသော ကလေးများကိုဖော်ထုတ်ကာ မိသားစုများအတွက် ဝန်ဆောင်မှုပေးမည့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး (Early Childhood Intervention - ECI) စနစ်ပေါ်ပေါက်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရသစ်၏ ရက်(၁၀၀) လုပ်ငန်းစီမံချက်အရ မြန်မာနိုင်ငံ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို ချမှတ်ထားရှိပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်၍ ယခုလအတွင်း ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကို ဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေကျင်း မြို့တွင် နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများ ဆယ်စုနှစ် (၂၀၁၃-၂၀၂၂) ဆိုင်ရာ ဝန်ကြီးများအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် ကြားကာလပြန်လည်သုံးသပ်ရေး အစည်းအဝေးသို့ မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်လျဉ်းသည့် ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးမျှဝေခဲ့ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် ဘေကျင်း ကြေငြာချက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ရေးနှင့် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်ရာတွင် လူသားအားလုံး အကျုံးဝင်ပေါင်းစည်းပါဝင်နိုင်မှသာအောင်မြင်မှု အပြည့်အဝရရှိမည်ဖြစ်ကြောင်း၊ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးတွင် မည်သူ တစ်ဦးတစ်ယောက်မျှ နောက်ကျ ကျန်ရစ်မနေရန်မှာ အရေးကြီးကြောင်း၊ ယနေ့ ရင်ဆိုင် တွေ့ကြုံနေရသော စိန်ခေါ်မှုများကို ပူးတွဲဆောင်ရွက်ခြင်း၊ ပူးပေါင်းကူညီခြင်း၊ ပေါင်းစပ် ညှိနိုင်းခြင်းတို့ဖြင့် ဆောက်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအကျုံးဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါ သည်။

          ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာကို ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ်ကဖတ်ကြားပြီး မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ စွမ်းဆောင်မှုထူးချွန်ဆုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထူးဂုဏ်ပြုဆုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်းကောင်း၊ လူတိုင်း အကျုံးဝင်ပညာရေးအကောင်အထည် ဖော်ဆောင်ရွက်မှု ထူးချွန်ဆုကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကလည်းကောင်း၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အရေးဆိုင်ရာ ထူးချွန်ဆုကို ပညာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ မသန်စွမ်းသူများအတွက် မီဒီယာ ထူးချွန်ဆုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် ကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          ယင်းနောက် မသန်စွမ်းကလေးများ၏ အကအဖွဲ့(၂)ဖွဲ့ က ကပြဖျော်ဖြေကာ မြန်မာ နိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများသည် တက်ရောက်လာသူများနှင့်အတူ မှတ်တမ်း ဓါတ်ပုံရိုက်ကူး၍ ခင်းကျင်း ပြသထားသည့်  ပြခန်းများကို ကြည့်ရှုအားပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

 

FacebookTwitter