လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားJapan Sat ConsultingCo.,LtdမှManaging Directorဖြစ်သူMr.Mitsuru NISHIGAKIနှင့်မြန်မာနိုင်ငံဆိုင်ရာဂျာမနီနိုင်ငံသံအမတ်ကြီးH.E.Mrs.Dorothee Janetzke Wenzelတွေဆု

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Japan Sat Consulting Co.,Ltd မှ Managing Director ဖြစ်သူ Mr. Mitsuru NISHIGAKI နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီး H.E.Mrs. Dorothee Janetzke Wenzelတို့မှ(၅.၁၂.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌သီးခြားစီလာရောက်တွေ့ဆုံ ခဲ့ပါသည်။

Japan Sat Consulting Co.,Ltd မှ Managing Director ဖြစ်သူ Mr. Mitsuru NISHIGAKIနှင့် တွေ့ဆုံရာတွင် ၎င်းတို့အနေဖြင့် ၂၀၀၈ခုနှစ်တွင်စတင်၍ ဝန်ကြီးဌာနနှင့်ပူးပေါင်းဖွင့်လှစ်ထားသော အကြောပြင်ဆေးခန်း၊ ၂၀၁၆ခုနှစ်တွင် ဝန်ကြီးဌာန၏ အကြံပြုချက်အရ မျက်မမြင်ဘောလုံးအသင်းပြိုင်ပွဲပြုလုပ်ခဲ့မှုနှင့် ၂၀၂၀ခုနှစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်မည့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မျက်မမြင်ဘောလုံးသမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်နှင့် နိုင်ငံတကာမျက်မမြင်အားကစားအဖွဲ့ (International Blind Sports Feaderation (IBSA)) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နိုင်ရေး ပြည်ထောင်စုဝန်ကြီး၏ အကြံဉာဏ်လမ်းညွှန်ချက်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ မျက်မမြင်ဘောလုံးအားကစား မိတ်ဆက်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အစိုးရသစ်အနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့်လူမှုအသိုင်းအဝန်းတစ်ရပ်ပေါ်ပေါက်လာရေးဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမသန်စွမ်းများလည်းအပါအဝင် ဖြစ်ပါကြောင်းပြောကြားပြီး မျက်မမြင်ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးရာတွင် မသန်စွမ်းအခွင့်အရေးဆိုင်ရာ နိုင်ငံတော်အဆင့်ကော်မတီ ဖွဲ့စည်းထားရှိမှု၊ မသန်စွမ်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများပြဌာန်း ဆောင်ရွက်နေမှု၊ IBSA အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် လိုအပ်သောသတ်မှတ်ချက်များပြည့်မီရေးဆောင်ရွက်မည့်ကိစ္စများ၊ မျက်မမြင်ဘောလုံးအားကစားဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ နိုင်ငံတစ်ဝန်းမှ ဘောလုံးအားကစားဝါသနာပါသော မျက်မမြင်များရွေးချယ်နိုင်ရေးနှင့် Japan Sat Consulting Co.Ltd မှ တင်ပြလာသော မျက်မမြင်ဘောလုံးအားကစားဆိုင်ရာ လုပ်ငန်းစီမံချက်အပေါ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီနိုင်ငံသံအမတ်ကြီး H.E.Mrs. Dorothee Janetzke Wenzel နှင့် တွေ့ဆုံရာတွင် ဂျာမနီနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ သိရှိလိုပါကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်သော ဖွံ့ဖြိုးရေးအထောက်အပံ့များ ဖြစ်သည့် ကျေးလက်ဒေသလမ်းများနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကဏ္ဍများ၊ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ချေးငွေဆိုင်ရာ အကူအညီပေးနေမှုများအားရှင်းလင်း၍ ရခိုင်ပြည်နယ်တွင် စီမံကိန်းများဆောင်ရွက်ရန် စီစဉ်နေမှုများအား အသိပေးဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းကြိုးပမ်းနေမှုများ၊ လူသားချင်းစာနာကူညီမှုအထောက်အပံ့များ၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD၏ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေးဇုံများတည်ထောင်ရေး၊ သတင်းပြန်ကြားရေးနှင့်ဆက်သွယ်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် သက်မွေးပညာသင်တန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသေးစားငွေချေးလုပ်ငန်း၊ စုပေါင်း၍ ရန်ပုံငွေရှာဖွေခြင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ ဖွဲ့စည်းထားရှိမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံအဆင့်မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပြီး ဦးစားပေးကဏ္ဍများဖြစ်သည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ငွေကြေးထောက်ပံ့မှုနှင့် အသက်(၉၀)နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့နေမှု၊ ကျောင်းပြင်ပကလေးများအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter