ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေးအတွက်ဘက်စုံပြန်လည်ထူထောင်ရေးစင်တာ တစ်ခုဖွင့်လှစ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ဒီဇင်ဘာ ၁၂

 ၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၁၀)ရက်နေ့၊မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည်ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူတာဝန်ရှိသူများလိုက်ပါလျှက်အရှေဒေဂုံမြို့နယ်၊ဒီဇင်ဘာသီရိဂေဟာအိမ်ယာ အနီးရှိ မြေနေရာပေါ်တွင်ဘက်စုံပြန်လည်ထူထောင်ရေးစင်တာတစ်ခုတည်ဆောက်ရန်ကွင်းဆင်းကြည့်ရှုပါသည်။ ထိုသို့ကြည့်ရှုရာတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က မြေတိုင်းတာခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်း၊ လမ်းဖောက်လုပ်ရေး၊ ခြံစည်းရိုးကာရန်ခြင်း အတွက် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် မွေးကင်းစ စွန့်ပစ်ကလေး ငယ်များနှင့်မိခင်များ၊ သက်ငယ်မုဒိန်းကျုးလွန်ခံရသူများ၊ လမ်းပေါ်နေကလေးသူငယ်များ၊ တောင်းရမ်း  စားသောက်သူများ၊ အကြမ်းဖက်ခံအမျိုးသမီးများ၊ လူကုန်ကူးခံခဲ့ရသူများ၊ ပြည့်တန်ဆာအမျိုးသမီးများ၊ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ၊ အကာအကွယ်မဲ့သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအစရှိသူ့တို့၏ဘဝများ ကို စနစ်တကျပြန်လည်ထူထောင်ပြီး လူ့အသိုက်အဝန်းတွင်းသို့ ပြန်လည်ဝင်ဆံ့နိုင်ရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ရေး၊ စီးပွားရေးအရ အမှီအခိုကင်းစွာရပ်တည်နိုင်ရေး၊ ဆိုးကျော့သံသရာအတွင်းမှ ရုန်းထွက်နိုင်ရေးတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာမွေးကင်းစမှသက်ကြီးရွယ်အိုအထိလိုအပ်မည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအားလုံးကိုယခုတည်ဆောက်မည့်ဘက်စုံပြန်လည်ထူထောင်ရေးစင်တာတွင်တစ်စုတစ်စည်းထဲထိထိ ရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်သည်။ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာသင်တန်းများလည်းဖွင့်လှစ်သွားမည် ဖြစ်ပြီးအလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေးအတွက်လည်း ပြင်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လည်း စီစဉ်လျက်ရှိကြောင်းသိရှိရသည်။

ယင်းသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်သကဲ့သို့ ဝန်ကြီးဌာနအနေဖြင့် မွေးကင်းစ ကလေးငယ်များ စွန့်ပစ်မှုမှ တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိန်းမှုများပပျောက်ရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး၊ မူးယစ်ဆေးဝါးပပျောက်ကင်းစင်ရေး၊ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး၊ မသန်စွမ်းဖြစ်မှုလျော့ချရေး အစရှိသည့်လုပ်ငန်းများကိုလည်း အခြား ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ လုံခြုံဖွံ့ဖြိုးတက်ရန် ကြိုးပမ်းလျက် ရှိကြောင်းသိရှိရပါသည်။

အဆိုပါဘက်စုံပြန်လည်ထူထောင်ရေးစင်တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်၊ ဒီဇင်ဘာသီရိဂေဟာ အိမ်ယာဝင်းအနီးရှိ မြေဧက (၅၀)ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter