UEHRD လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Comittee of the Red Cross - ICRC) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် နှင့်အဖွဲ့ ပြည်ထောင်စုဝန်ကြီးထံ လာရောက်တွေ့ဆုံ

 နေပြည်တော် ၊၂၀၁၇ ၊ဒီဇင်ဘာ ၁၄        UEHRDဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Comittee of the Red Cross ICRC)မှမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့က(၁၃.၁၂.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

          အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိ ဘေးဒဏ် ခံရသူများအားလုံးသို့ လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးပေးမှု များအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကူညီထောက်ပံ့မှုများအပေါ် ဒေသခံများမှ ကောင်းမွန် သော အမြင်တုန့်ပြန်ချက်များနှင့် အကူအညီများ၏အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ အချို့နေရာများတွင် စိုးရိမ်ပူပန်မှုများ အနည်းငယ်တွေ့ရသော်လည်း အခြေအနေအရပ်ရပ်မှာ အကောင်းဘက်သို့ တိုးတက်နေပါကြောင်း ပြောကြားပြီး ကြက်ခြေနီလှုပ်ရှားမှုဖြင့် ထောက်ပံ့နေသော အစားအစာဖြန့်ဝေခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်နှင့် လူနေမှုဘဝ ပုံမှန်အခြေအနေသို့ ရောက်ရှိနေရေးအတွက် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများနှင့်အတူ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ICRC အနေဖြင့် ကူညီလိုမှုကိစ္စများ၊ ငွေကြေး ထောက်ပံ့ရေး၊ အလုပ်အကိုင်ဖန်တီးပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားရေး လုပ်ငန်းကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ICRC အနေဖြင့် စီမံကိန်းရေးဆွဲ၍ ဝန်ကြီးဌာနသို့ တင်ပြသွားမည့်အစီအစဉ်၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်လည်း လူသားချင်းစာနာကူညီမှုအထောက်အပံ့ ပေးနိုင်ရေး၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအသက်(၂)နှစ်အထိ ထောက်ပံ့ငွေ ပေးအပ်ခြင်းအစီအစဉ် ချဲ့ထွင်နိုင်ရေးအတွက် ငွေကြေးနှင့်နည်းပညာအကူအညီပေးနိုင်ရေးနှင့် UEHRD တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွက် ကူညီပံ့ပိုးပေးနေမှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအသစ်အနေဖြင့် ရခိုင်ပြည်နယ်ဘက်စုံဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက် ရေးအတွက် ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုကော်မတီတည်ထောင်၍ လုပ်ငန်းကော်မတီ(၄)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ပြောကြားပြီး ကာလ ကြာရှည်စွာအမြစ်တွယ်ခဲ့သော ပြဿနာ၏အကြောင်းအရင်းအား ဖော်ထုတ်ဖြေရှင်းနိုင်ရန် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖြင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါကော်မရှင်၏ အကြံပြုချက် များအား အကောင်အထည်ဖော်နေပြီး ကဏ္ဍစုံအလွှာအသီးသီးမှ ပြည်သူများပါဝင် ကူညီနိုင်ရေးအတွက် UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊စေတနာ့ဝန်ထမ်း လူငယ်များ၏ အကူအညီများရယူ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် အချက်အလက်များ ကောက်ယူရေး ဆောင်ရွက်နေသည့်ကိစ္စများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ထူထောင်၍ ရခိုင်ပြည်နယ်အား ဦးစားပေးဆောင်ရွက် နေသည့်ကိစ္စရပ် များ၊ ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးနှင့်စောင့်ရှောက်ရေး လိုအပ်လျက် ရှိသော ကလေးသူငယ်မှ သက်ကြီးရွယ်အိုများအထိ ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ICRC အနေဖြင့် ပူးပေါင်းပါဝင်နိုင်မည့်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

 

FacebookTwitter