ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၁၅          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အဖွဲ့က (၁၄.၁၂.၂၀၁၇)ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။0

          တွေ့ဆုံရာတွင် Ms. Pramila Patten က ယခုအချိန်တွင် မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကြုံတွေ့နေသော စိန်ခေါ်မှုများနှင့် ဖြေရှင်းဆောင်ရွက်နေသော ကြိုးပမ်းအားထုတ်မှုများကို အလေးအနက်ထားသိရှိ၍ အသိအမှတ်ပြုရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအား ကျယ်ပြန့်စွာတွေ့မြင်သိရှိပြီး လိုအပ်သော အထောက်အကူများ ပေးလို၍ ဖြစ်ပါကြောင်း၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုကိစ္စရပ်များအား ဆွေးနွေးလိုခြင်းသာ ဖြစ်ပြီး စွပ်စွဲပြစ်တင်ဝေဖန်ရန် လာရောက်ခြင်း မဟုတ်ပါကြောင်း၊ သက်ဆိုင်ရာအခန်းကဏ္ဍတွင် မြန်မာ နိုင်ငံနှင့်စေ့စပ်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်းပြောကြားပြီး စွမ်းဆောင်ရည်မြှင့်တင် ရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် လိင်အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ များ ပြုပြင်ပြောင်းလဲနေမှုကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်ကိစ္စဖွံ့ဖြိုးတိုးတက်ရေးအတွက်၂၀၁၆ခုနှစ်၊မေလကတည်းကပင်ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးအကောင်အထည် ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄)ရပ် ဖ့ွဲစည်းမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းမှုနှင့် UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် အဖက်ဖက်မှ လစ်ဟာမှုမရှိရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်မည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ယာယီစခန်းများ တည်ဆောက်ရေး ကိစ္စရပ်များ၊ လူသားချင်းစာနာကူညီမှုများအား ပြည်ထောင်စုအစိုးရ၊ ဒေသဆိုင်ရာ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ နှင့်အတူ မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီထောက်ခံနေမှုများကို ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်သာမက အခြား ပဋိပက္ခဖြစ်ပွားရာဒေသများတွင်လည်း ဘေးဒဏ်ခံစားခဲ့ရသူများအား စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း၊ ကလေးပျော် ဌာနများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လုံခြုံသော နေရာများသတ်မှတ်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ထိုကဲ့သို့သော အမျိုးသမီးများအတွက် တစ်နေရာ တည်း အပြီးအစီးစောင့်ရှောက်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့်တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်း (၂)ဖွဲ့အပြင် အမျိုးသမီးရေးရာကိစ္စရပ်များ တက်ကြွစွာ ဆောင်ရွက်နေသည့် အဖွဲ့များလည်း ပါဝင်စေလျက် ပြင်ဆင်ဖွဲ့စည်းခဲ့မှု၊ ကျားမ တန်းတူညီမျှမှုနှင့် အမျိုးသမီးများစွမ်းပကားမြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အတွက် တိုင်ကြားနိုင်ရန် လူမှုဝန်ထမ်း ဦးစီးဌာနတွင် (၂၄)နာရီ ဖွင်လှစ်သည့် Help Line ထူထောင်ထားရှိမှု၊ ၎င်းကိစ္စရပ်များကို ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖြစ်ရပ်စီမံခန့်ခွဲမှု (Case Management) စနစ်ထူထောင်ဆောင်ရွက် နေမှုနှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများ အား အကြံပြု ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

FacebookTwitter