ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E Ms. Riikka Laatu နှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ က သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၁၉

            ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာဖင်လန်သံအမတ်ကြီးH.EMs.RiikkaLaatuက(၁၅.၁၂.၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် လာရောက် တွေ့ဆုံပါသည်။

        တွေ့ဆုံရာတွငဖင်လန်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံနှင့် (၂၀၁၂)ခုနှစ်မှ စတင်ခဲ့ပါကြောင်း၊ သစ်တောများထိန်းသိမ်းရေးနှင့်သက်ဆိုင်သော ကူညီမှုများ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကူးပြောင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့်သက်ဆိုင်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာရေးကဏ္ဍမြှင့်တင်ရေး စသောလုပ်ငန်းများဆောင်ရွက် နေပါ ကြောင်း ပြောကြားပြီး မသန်စွမ်းသူများအတွက် ဘက်ပေါင်းစုံ ချဉ်းကပ်နည်းလမ်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများနှင့် UEHRD ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို မေးမြန်းဆွေးနွေးပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားသောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီ (၄)ခုတည်ထောင်၍ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှုများ၊ ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်းရင်းအား ရှာဖွေဖော်ထုတ် ဖြေရှင်းရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်း၍ အဆိုပါ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေသည့်လုပ်ငန်းများ၊ လူသားချင်းစာနာကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ပြည်သူများ၏အင်အားကို ဖိတ်ခေါ် တည်ထောင်ထားသည့် UEHRD ၏ ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရ ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးမှ အသက် (၂)နှစ်အရွယ်အထိ ငွေထောက်ငွေပေးအပ်ပံ့ရေးနှင့် အသက်(၉၀)နှစ်နှင့်အထက် လူမှုရေး ပင်စင်ပေးအပ်နေမှုများတွင် ကူညီနိုင်မည့်ကိစ္စများနှင့် UEHRD ၏ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အကြံပြုဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ညနေပိုင်းတွင် ဦးနေလင်းစိုး ခေါင်းဆောင်သော မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့်တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်တွင်ကျင်းပမည့် မြန်မာ့ဒီမိုကရေစီအကူးအပြောင်း ကာလတွင် မသန်စွမ်းသူများနှင့် လူနည်းစုများ၏ အခွင့်အရေးများအား ကာကွယ်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်ပတ်သက်သူများဖိုရမ်နှင့်ပတ်သက်၍ လမ်းညွှန်မှုခံယူခြင်း ဖြစ်ပါ ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် မသန်စွမ်းသူများအတွက် သင်တန်းမျိုးစုံ ပေးခြင်း ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံအတွင်း မသန်စွမ်းသူများစာရင်း ကောက်ယူမှုတွင် ကူညီလိုပါကြောင်းပြောကြားပြီး မသန်စွမ်းသူများ အတွက် သီးသန့်တည်ထောင် ဖွင့်လှစ်မည့် သတင်းအချက်အလက်နှင့်နည်းပညာဆက်သွယ်ရေး သင်တန်းကျောင်း ICT Training Centre တွင် မသန်စွမ်းသူများ ပါဝင်ခန့်အပ်နိုင်ရေးကိစ္စ ဆွေးနွေး၍ အဆိုပါ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြပါသည်။

          ပြည်ထောင်စုဝန်ကြီးက ယခုလို မသန်စွမ်းသူများအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ အား သိရှိပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပြီး ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နိုင်ငံတော်အဆင့်ကော်မတီဖွဲ့စည်းပြီး မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများလည်း အတည်ပြု၍ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် ပထမဦးဆုံးအနေဖြင့် ဖွင့်လှစ်တည်ထောင်မည့် မသန်စွမ်း သူများအတွက် ICT သင်တန်းကျောင်းနှင့်ပတ်သက်၍ အကြံပြုချက်များအား လက်ခံကြိုဆို ပါကြောင်း၊ မကြာမီကျင်းပမည့် ကော်မတီအစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter