UEHRD ၏လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး တို့က သီးခြားစီလာရောက်တွေ့ဆုံ

၁၉.၁၂.၂၀၁၇၊ နေပြည်တော်

           လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။

              UNICEF မှ ဌာနေကိုယ်စားလှယ် Ms.June Kunugi ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာ တွင် UNICEF အနေဖြင့်ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအရေးပါပုံကို နားလည်သိရှိပြီး သက်ဆိုင်ရာကဏ္ဍများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်းစကလေး ထောက်ပံ့ငွေပေးအပ်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ရခိုင်ပြည်နယ်တွင် UEHRD စီမံကိန်းအရပါဝင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုလိုဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာပူးပေါင်း ဆောင်ရွက်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် နေ့ကလေးထိန်း ဌာန မရှိသောဒေသများတွင် ကလေးသူငယ်များအား အလှည့်ကျစောင့်ရှောက်ရေးပုံစံ ဖြစ်သည့် မိခင်ဝိုင်းများ ဖွဲ့စည်းထားရှိမှု၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ကော်မတီအသီးသီးမှ ကြိုးပမ်း အကောင်အထည်ဖေါ်နေမှုများ၊ မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရေး အတွက် စီစဉ်နေမှုများ၊ UEHRDတွင် လုပ်ငန်းအဖွဲ့(၉)ဖွဲ့ ဖေါ်ဆောင်၍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် UNICEFအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ ကြပါသည်။

                 ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ကိစ္စအပေါ် ဦးစားပေးစဉ်းစားပါကြောင်း၊ ပြန်လည်နေရာချထားရေး ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် အကူအညီပေးမည်ဖြစ်ပါကြောင်း၊ နှစ်ပေါင်းများ စွာ တည်တံ့ခဲ့သော မိတ်ဆွေဆက်ဆံရေး ပိုမိုခိုင်မာရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး လိုအပ်သည်များ တတ်နိုင်သလောက် ပူးပေါင်း ကူညီပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်အတွက် ဗဟိုကော်မတီ လုပ်ငန်းကော်မတီ(၄)ဖွဲ့နှင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ရေးကော်မတီတို့တည်ထောင်၍ ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ UEHRD တည်ထောင်၍ ပြည်တွင်း/ပြည်ပ မိတ်ဆွေနိုင်ငံများအကူအညီဖြင့် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြီး၊ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်ဖြစ်ပါကြောင်းနှင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီ ပူးပေါင်းစေလိုပါကြောင်း ဆွေးနွေး ခဲ့ပါသည်။

            ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ဂျပန်သံအမတ်ကြီးက ရခိုင်ပြည်နယ်အတွက် လိုအပ်ချက် များကို အစွမ်းကုန်ကူညီမည်ဖြစ်ပါကြောင်း၊ လမ်းဖောက်လုပ်ရေး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ စာသင်ကျောင်းများ ဆောက်လုပ်ရေးနှင့် အရေးပေါ်လိုအပ်သော လူသားချင်းစာနာကူညီမှုများ၊ ယာယီအဆောက် အဦများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလို ပါ ကြောင်း၊ UEHRDနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အသေးစိတ်လုပ်ငန်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များအား မေးမြန်းဆွေးနွေး ခဲ့ပါသည်။

                  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လက်ခံရေး အတွက် နှစ်နိုင်ငံသဘောတူညီချက်အရ ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် UEHRDနှင့် ပူးပေါင်းဆောင်ရွက်နိုင် ပါကြောင်း အသေးစိတ်ဆွေးနွေးမှုများအတွက် အမြန်ဆုံးအနီးကပ် ပူးပေါင်းအဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီနေမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter