ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ဝင်ရောက်လာမည့်သူများပြန်လည်လက်ခံရေးအစီအစဉ်များနှင့်UEHRDစီမံကိန်းတွင် ကုလသမဂ္ဂအဖွဲ့များပါဝင်ဆောင်ရွက်နိုင်ရေးပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့်UNRC/HCတို့သီးခြားတွေ့ဆုံ

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၈          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးH.E.Mr.ScotMarcielနှင့်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UNRC/HC)ဖြစ်သူ Mr. Knut Ostbyတို့က (၅.၁.၂၀၁၈)ရက်နေ့တွင် အဆိုပါ ဝန်ကြီးရုံး၊မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။       မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကိစ္စရပ်များ၊ မြေပုံမြို့နယ်မှ တောင်ပေါ်ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေးကိစ္စများ၊ IDP စခန်းများတွင် နေထိုင်သူများအတွက် လူမှုရေးနှင့်ဥပဒေဆိုင်ရာကန့်သတ်ချက်များ လျော့ချနိုင်ရေးကိစ္စများ၊ နိုင်ငံသားစိစစ်ရေးခံယူရန် (NV)ကတ် ထုတ်ပေးရေးလုပ်ငန်းများ၊ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု တည်ဆောက်နိုင်ရေးကိစ္စများနှင့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအားကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက်သတင်းမီဒီယာသမားများအားမောင်တောဒေသသို့ဖိတ်ခေါ်၍ မြေပြင်အခြေအနေများ သိရှိစေနိုင်ရေးဆောင်ရွက်ရန်ကိစ္စများ၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့်မြန်မာနိုင်ငံသားများအတွက်ဆောင်ရွက်ပေးမည့်လူထုဖွံ့ဖြိုးရေးစီမံကိန်း အတွက်အမေရိကန်အစိုးရမှအမေရိကန်ဒေါ်လာသန်း၅၀ကူညီပေးမည့်ကိစ္စရပ်များနှင့်အမျိုးသမီးများအပေါ်အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ကိစ္စအတွက် UEHRDထူထောင်၍ အဓိကရည်ရွယ်ချက် (၃)ရပ်အား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းအတွက် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့ပူးပေါင်းဆောင်ရွက်နေမှုများ၊ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘော တူညီချက်များအတိုင်း စတင်အကောင်အထည်ဖေါ်နေသည့်ကိစ္စရပ်များ၊ ဖွံဖြိုးတိုးတက်ရေးအတွက်အထူးလုပ်ငန်းအဖွဲ့(၉)ဖွဲ့ဖွဲ့စည်း၍လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊လမ်းပန်းဆက်သွယ်ရေးနှင့် ငြိမ်းချမ်းမှုရှိရေးဆောင်ရွက်နေသည့် ကိစ္စများအားရှင်းလင်းပြောကြားပြီး National Verification Card ကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအတွက်  ဝန်ကြီးဌာနမှဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊မြန်မာ- ထိုင်းနယ်စပ်ရှိမြန်မာနိုင်ငံအတွင်းပြန်လည်ဝင်ရောက်လို သူများအတွက် မြန်မာနှင့်ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာ ဝန်ကြီးဌာန(၂)ခု ညှိနှိုင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဝန်ကြီးဌာနမှဦးဆောင်၍ရေးဆွဲထားသောကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့်အမျိုးသမီးများအားအကြမ်းဖက်မှု ကာကွယ်တာဆီးရေးဆိုင်ရာဥပဒေကိစ္စရပ်များ၏နောက်ဆုံးတိုးတက်မှုအခြေအနေများအားဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC/HC)ဖြစ်သူ Mr. Knut Ostby နှင့်တွေ့ဆုံရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့က UEHRDစီမံကိန်းအား သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအား အသိပေးရှင်းလင်းခဲ့ခြင်းကိုကျေးဇူူးတင်ရှိပါကြောင်း၊အဆိုပါရှင်းလင်းပွဲနောက်ပိုင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိလိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် UEHRD စီမံကိန်းအရ ပူးပေါင်းဆောင်ရွက်ရန် လေ့လာဆန်းစစ်မှု(Assessment)တစ်ရပ်ဆောင်ရွက်လိုပါကြောင်း၊IDPကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ရန် မိမိတို့ဘက်မှ အဆိုပြုလွှာတစ်စောင် ပေးပို့လိုပါကြောင်း ဆွေးနွေးပါ သည်။

          ပြည်ထောင်စုဝန်ကြီးက UEHRDစီမံကိန်းအရ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေရပ် စွန့်ခွာသူများအားလုံးနီးပါးသို့လူသားချင်းစာနာမှုအကူအညီများလွှမ်းခြုံပေးအပ်နိုင်ခဲ့ပါကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူများအားဘင်္ဂလားဒေ့ရှ်မြန်မာနှစ်နိုင်ငံသဘောတူညီချက်အရ၂၀၁၈ခုနှစ်၊ဇန်နဝါရီလကုန်ပိုင်း တွင်ပြန်လည်လက်ခံနိုင်ရေးအတွက်ကြိုဆိုရေးစခန်း(၂)ခု အပြီးသတ်တည်ဆောက်နိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊ ၎င်းကြိုဆိုရေးစခန်းတွင်စိစစ်လက်ခံပြီးသူများကိုလှဖိုးခေါင်ကျေးရွာရှိယာယီစခန်းတွင်ခေတ္တနေထိုင်ရမည်ဖြစ်ပါ ကြောင်း၊ အိုးအိမ်ရှိသူများအနေဖြင့် ၎င်းတို့အိမ်ရာသို့ ပြန်လည်နေထိုင်နိုင်ပြီး၊ အကြမ်းဖက်ဖြစ်စဉ် အတွင်းအိမ်ရာများမီးလောင်ခံရသူများအနေဖြင့် အိမ်ရာတည်ဆောက်ပြီးပါက ရွှေ့ပြောင်းနိုင် ကြောင်း၊ အဆိုပါအိမ်ရာများတည်ဆောက်ရေးတွင် ဆန္ဒရှိပါက Cash for Workအစီအစဉ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါကြောင်း၊ ဖွံ့ဖြိုးရေးအတွက် UEHRD အထူးလုပ်ငန်းအဖွဲ့(၉)ဖွဲ့မှ သက်ဆိုင်ရာဒေသများတွင် စီးပွားရေးရင်းနှီးမြှပ်နှံမှုများဆောင်ရွက်၍ အလုပ်အကိုင်ဖန်တီး ပေးနိုင်ရေးစီစဉ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်သဘောတူညီချက်အရ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် အစိုးရ၏ ဦးဆောင်မှုဖြင့် UNHCR ပါဝင်နိုင်မည့်ကဏ္ဍကို ဖေါ်ပြထားပါကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် စီမံချက်တွင် ကုလသမဂ္ဂအဖွဲ့များ ပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ နှင့်IDP ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးတွင် ကုလသမဂ္ဂအဖွဲ့၏ အဆိုပြုလွှာကို ပေးပို့နိုင်ပါ ကြောင်းဆွေးနွေးခဲ့ပါသည်။

 

FacebookTwitter