ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက တာဝန်ပြီးဆုံး၍ လာရောက်နှုတ်ဆက်

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ ၉          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr. Mohammad Suffiur Rahman က(၈.၁.၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံရာတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးကမိမိအနေဖြင့်ယခုလကုန်ပိုင်းတွင်တာဝန်ပြီးဆုံးပြီဖြစ်၍လာရောက်နှုတ်ဆက်ခြင်းဖြစ် ပါကြောင်း၊၂၀၁၃ခုနှစ်တာဝန်ထမ်းဆောင်ချိန်မှစ၍နိုင်ငံတော်အစိုးရနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ်များတွင် ပြည်သူများနှင့်တွေ့ဆုံပြီး ဘက်ပေါင်း စုံမှ တင်ပြချက်များကို နားထောင်ခြင်းဖြင့်ဒေသခံတို့၏ အခက်အခဲများကို မျက်ဝါးထင်ထင် နားလည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် လည်း ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး အဓိကစိန်ခေါ်မှုအခက်အခဲများကို မျက်မြင်တွေ့ရှိခဲ့ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု နည်းပါးခြင်း၊ ပြန်လည်သင့်မြတ်ရေးလိုအပ်ခြင်းနှင့် လုံခြုံရေး စသည့်အဓိကအခက်အခဲ (၃)ခုအား တွေ့မြင်ခဲ့ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးရန်အတွက် ရခိုင်ဒေသအား အထူးအာရုံစိုက် ၍ ဆောင်ရွက်သင့်ပါကြောင်း၊ ဒေသထွက်ကုန်များ ကုန်သွယ်ခွင့်ပြုခြင်းဖြင့် ရခိုင်နှင့် ချင်း ပြည်နယ်တို့ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊နယ်စပ်လုံခြုံရေးအတွက် (၂)နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် UEHRD ၏ အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်ချက် များအား တွေ့မြင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမည့် ကိစ္စအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စအတွက် သံအမတ်ကြီး၏ ကြိုးပမ်း အားထုတ်မှုများနှင့်ဆွေးနွေး အကြံပြုချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ UEHRD ၏ ရည်ရွယ်ချက်(၃)ချက် ဖြစ်သည့် လူသားချင်းစာနာကူညီမှုပေးရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ UNHABITAT ၏ မြို့ရွာစီမံကိန်းဆိုင်ရာ နည်းပညာအကူအညီရယူ၍ မြို့ရွာများ စနစ်တကျ တည်ဆောက် မည်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာသွားလာခွင့်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ အတွက် နိုင်ငံသားစိစစ်ရေး (NV)ကတ်၏ အကျိုးကျေးဇူးများသိရှိစေရန် ပညာပေး ဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားပြီး နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံနိုင်ရေး အဆင်သင့်ဖြစ်နိုင်ရန် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ နှင့်တရုတ်နိုင်ငံတို့၏ ကူညီမှုဖြင့် Modular House များတည်ဆောက်မည့်ကိစ္စများ၊ ၂၀၁၂ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာသော နေရပ်စွန့်ခွာသူများနေထိုင်ရာ ကယ်ဆယ်ရေး စခန်းများအနက် ကျောက်ဖြူ၊ရမ်းဗြဲနှင့်ပေါက်တောကြိမ်နီပြင်စခန်း(၃)ခု ပိတ်သိမ်းပြီးစီးမှု၊ ယခုအခါ စစ်တွေ သက္ကေပြင်နှင့် မြေပုံမြို့ရှိ ကယ်ဆယ်ရေးစခန်းပိတ်သိမ်းနိုင်ရန် စခန်း ခေါင်းဆောင်များ၊ စခန်းတွင်နေထိုင်သူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်သူများ လွတ်လပ်စွာသွားလာခွင့် ရရှိရေးအတွက် ဥပဒေဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချနိုင်ရေး၊ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချနိုင်ရေးတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပုံများကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter