နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား တက်ရောက်

နေပြည်တော် ၊ဇန်နဝါရီ ၉

အနာဂတ်တွင်တိုင်းပြည်၏အခန်းကဏ္ဍအားလုံး၌လူငယ်များ၏ဦးဆောင်မှုစွမ်းရည်မြှင့်တင်နိုင်ရေးအတွက်လိုအပ်သောအရည်အသွေးပြည့်မီ သည့် ပညာသင်ယူရေး  အခွင့်အလမ်းများဖော်ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနားကို (၅.၁.၂၀၁၈)ရက်နေ့၊နံနက်( ၉ း၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "အခုကျွန်မတို့ဒီနေ့အခမ်းအနားကိုဧည့်သည်တော်များအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ အထူးသဖြင့် ဒီအခမ်းအနားနဲ့ သက်ဆိုင်တဲ့ လူငယ်တွေကိုလည်း နှုတ်ခွန်းဆက်ပါတယ်။ အဲတော့ ကျွန်မတို့ဟာ လူငယ်တွေရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အထူးအလေးထားပြီး လုပ်ရတယ်ဆိုတာဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်မှာ တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ပါ။ ဒါပေမယ့် ကျွန်မ လူငယ်တွေကို အမြဲတမ်းသတိပေးရတယ်။ လူငယ်တွေဆိုတာ ထာဝရငယ် နေတာ မဟုတ်ဘူး။ တစ်ချိန်တစ်ခါမှာ ကြီးသွားမှာပဲ။ အဲတော့ တစ်နည်းအားဖြင့် ပြောရရင် ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါဟာ Process တစ်ခုပါ။

လူငယ်တွေက လူငယ်ဖြစ်တဲ့အချိန်မှာ လူငယ်တွေရဲ့ တာဝန်တွေကို ထမ်းဆောင်သွားပြီး နောက်ပိုင်း ကျရင် လူကြီးတွေရဲ့ တာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမှာဖြစ်ပါတယ်။ လူကြီး လူငယ် ဆိုတာဟာ ရိုးရိုး ရှင်းရှင်းနဲ့ သတ်မှတ်လိုက်ရင်တော့ အသက်ကို ကြည့်ပြီးတော့ သတ်မှတ် ပါတယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ရဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေရဲ့ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ကြားမှာ ရှိတယ်လို့ ပြောပါတယ်။ အဓိပ္ပာယ်က လူငယ်တွေပေါ့။ လူငယ်တွေဟာ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ သုံးပုံတစ်ပုံ ကျော်တယ်ဆိုတဲ့ သဘောထားပါပဲ၊ အဲတော့ ဒီလို သုံးပုံတစ်ပုံ ကျော်တယ် ဆိုတာဟာ စီးပွားရေးအတွက် နောင်ပညာရေးအတွက် ကောင်းတဲ့ လက္ခဏာပေါ့။ လူငယ်အင်အား များလာလို့ရှိရင် ကောင်းတာပေါ့။ ဒါပေမယ့် အားလုံးသိမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ မှာဆိုရင် တဖြည်း တဖြည်းနဲ့ လူငယ်အင်အားက ကျသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိသားစုတွေရဲ့ အရွယ်အစားက သေးသွားတယ်ပေါ့။

အများအားဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ သားသမီး နှစ်ယောက်ထက် ယူတဲ့အလေ့ သိပ်မရှိဘူး။ ကျွန်မတို့နိုင်ငံမှာတောင်မှ ဒါ နှစ်ရာခိုင်နှုန်း မပြည့်တစ်ပြည့်လို့ ကျွန်မနားလည်တယ်။ ကျွန်မတို့နိုင်ငံက ဒီလောက်တောင်မှ ဖွံ့ဖြိုးတိုးတက်သေးတာ မဟုတ်ဘူး ဆိုပေမယ့်လည်း သားသမီးတွေနဲ့ ပတ်သက်မယ်ဆိုရင် သိပ်များတဲ့ မိသားစုဝင်တွေကို ထူထောင်တဲ့ အလေ့အထ ဟာ တဖြည်းဖြည်း ပျောက်လာပြီ။ ဒါလည်း သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ဟာ အင်မတန်မှ အကုန်အကျများလို့ပဲဖြစ်ပါတယ်။ အကုန်အကျဆိုတာ ငွေရေးကြေးရေး အကုန်အကျသာ မကပါဘူး။ အင်အားစိုက်ထုတ်ရတဲ့ အကုန်အကျ၊ အချိန်ပေးရတဲ့ အကုန်အကျ၊ အခုခေတ်မှာဆိုရင် မိဘ နှစ်ပါးလုံးက အလုပ်လုပ်တဲ့ အခါကျတော့ သားသမီးတွေ များများကို ကြည့်နိုင်ဖို့ ဆိုတာ လက်တွေ့မကျပါဘူး။

ဒါကြောင့်မို့ သားသမီးယူတဲ့နှုန်းဟာ ကျဆင်းလာတယ်။ ကျဆင်းလာတာနဲ့အမျှ နောင်ဆိုလို့ရှိရင် အဲဒီနိုင်ငံမှာ လူငယ်တွေရဲ့ ရာခိုင်နှုန်းဟာ ကျလာမှာပဲဖြစ်ပါတယ်။ ဒီတော့ ရှိတဲ့လူများဟာ ကိုယ့်ရဲ့ အရည် အချင်း တွေကို အစွမ်းကုန်မြှင့်တင်ဖို့ဟာ ကျွန်မတို့နိုင်ငံအတွက် အများကြီးပဲ အရေးကြီးပါတယ်။ လူငယ်ရေးရာ မူဝါဒ မူကြမ်းကို လုပ်ငန်းစဉ်အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက် အတည်ပြုနိုင်ခဲ့ပြီ။ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်စားပြု လူငယ်အဆင့်ဆင့်ရွေးချယ်တယ်။ လူငယ်များရဲ့ အကြံပြုချက်၊ ဆွေးနွေးချက်များကို ရယူနိုင်ခဲ့ တယ်။ မူကြမ်း ရေးဆွဲတဲ့ အဖွဲ့အစည်းအဝး သုံးကြိမ်၊ လုပ်ငန်းကော်မတီအစည်းအဝေး နှစ်ကြိမ်၊ ဗဟို ကော်မတီ အစည်းအဝေး တစ်ကြိမ်နဲ့ကော်မတီ သုံးရပ် တွေ့ဆုံဆွေးနွေးပွဲ တစ်ကြိမ်ကျင်းပ ဆောင်ရွက် ခဲ့ပါတယ်။ လူငယ်ရေးရာမူဝါဒ မူကြမ်းကို ၂၀၁၇ ခုနှစ်နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်ပါတယ်။

ဒီတော့ ကျွန်မတို့ လူငယ်တွေအတွက်အရေးကြီးဆုံးကတော့ ပညာရေးနဲ့ ကျန်းမာရေး ဆိုတာ ထူးထူး ထွေထွေ ပြောစရာမလိုပါဘူး။ နောက်အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ ကျွန်မတို့ လူငယ်တွေနဲ့ လူကြီးတွေ ကြား ဆက်ဆံမှုဟာ ချောမွေ့ဖို့ ၊ နောက်ပြီး အပြုသဘောဆောင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးက ဘယ်လိုသတ်မှတ်ထား လဲဆိုတော့ မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက်ဟာ မတူကြဘူး။ မတူကြတော့ သူတို့ပြောတာတော့ Generation Gap ပေါ့။ မျိုးဆက်တွေကြားမှာ ကွာခြားမှု တွေဟာ ကြီးမားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တစ်ကယ်တော့လည်း ဒီလိုဖြစ်ဖို့တော့ မလိုပါဘူး။ အများအားဖြင့် တော့ တော်လှန်ရေး ကာလတွေမှာဆိုလို့ရှိရင် ဒီလိုကွာခြားမှုက ကြီးသွားပါတယ်။ တော်လှန်ရေးဆိုတာ နိုင်ငံရေးအရ တော်လှန်ရေးတင် ပြောတာမဟုတ်ပါဘူး။ နည်းပညာအရတော်လှန်ရေး၊ လူမှုရေးအရ တော်လှန်ရေး၊ ဥပမာဆိုလို့ရှိရင် ကျွန်မတို့ ကမ္ဘာကြီးရဲ့ သမိုင်းကို ပြန်ကြည့်လို့ရှိရင် စက်မှုတော်လှန်ရေး၊ ဟိုးအရင်တုန်းတစ်ခါ နောက်ကို ပြန်ကြည့်လိုက်ရင် စိုက်ပျိုးရေး တော်လှန်ရေး၊ ရှေ့ကိုကြည့်လိုက်ရင် နိုင်ငံရေးအရ တော်လှန်ရေး၊ တော်လှန်ရေးတွေ အမျိုးမျိုး ပေါ့နော်၊ တော်လှန်ရေးဆိုတာ စနစ်တစ်ခုကို မြန်မြန် ဆန်ဆန်နဲ့ တော်တော် လှုပ်လှုပ်ရှားရှား နည်းတွေနဲ့ ပြောင်းလိုက်တာကို တော်လှန်ရေးလို့ပဲ ယျေဘုယျအားဖြင့် သတ်မှတ်ပါတယ်။ Evolution ကတော့ တော်လှန်ရေးမဟုတ်ဘဲနဲ့ တစ်ဖြည်းတစ်ဖြည်း ပြောင်းလဲတာတော့ တစ်ကမ္ဘာလုံးမှာ တစ်ချိန်လုံးရှိနေတာပဲ။

ဒါပေမယ့် ဒီလိုတော်လှန်ရေးကာလတွေမှာဆိုလို့ရှိရင် မျိုးဆက်သစ်တွေနဲ့ လူကြီးတွေနဲ့ ကြားမှာ ကွာဟမှုဟာ ပိုပြီးတော့ ကြီးသွားတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေရဲ့ အတွေးအခေါ်တွေဟာ ခေတ်တော်လှန်ရေး စိတ်ဓာတ်တွေနဲ့ ပိုပြီးတော့ ကိုက်ညီပြီးတော့ လူကြီးတွေကတော့ အရင်တုန်းက အတွေးအခေါ်တွေကို လွယ်လွယ်ကူကူနဲ့ မစွန့်လွှတ်နိုင်တာကို မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေဟာလည်း ညှိယူလို့ ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေဆီက လူငယ်တွေကလည်း အများကြီးသင်ယူနိုင်စရာ ရှိပါတယ်။ သိပ္ပံပညာရှင်တွေက ပြောထားတယ်။ ကျွန်မတို့လူသားတွေဟာ တခြားသတ္တဝါတွေထက် ပိုပြီးတော့ တိုးတက်မှုရှိနိုင်တဲ့ အကြောင်းတစ်ခုက ဘာလဲဆိုတော့ ကျွန်မတို့ဟာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကို ဆက်ပြီးတော့ သင်ကြားပေးနိုင်တဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တွေ ရှိလို့ပဲ။ ဥပမာပြောရရင် တိရိစ္ဆာန် လေးတွေဆိုရင် တိရိစ္ဆာန်လေးတွေ မွေးလာပြီး ရှင်သန်ဖို့အတွက် တိရိစ္ဆာန်မိဘတွေဟာ အားလုံး အစကနေစပြီး သင်ပေးရတယ်။ ဘယ်လိုပျံရမယ်။ ဘယ်လိုနေရမယ်။ ဘယ်လို အစာရှာရမယ်။ အဲဒီတော့ ဒီသတ္တဝါလေးတွေ တစ်သက်မှာ အခြေခံရှင်သန်နိုင်ရေး ပညာတွေပဲ ပေးပို့နိုင်တယ်။ ကျွန်မတို့လူသားတွေက ဒါနဲ့ကွာတယ်။ ကျွန်မတို့ လူသားတွေက နံပါတ်တစ် စကားပြောနိုင်တယ်။ စကားပြောလို့ရတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးလို့ရတယ်။ ကိုယ့်ရှိတဲ့ ပညာတွေကို တခြားလူတွေကို ပေးလို့ရတယ်။ ညှိပြီးတော့ ဒီပညာတွေကို ပိုပြီးတော့ နက်နဲအောင် လုပ်လို့ရတယ်။

နောက်တစ်ဆင့်ကတော့ စာရေးတာ၊ စာရေးလိုက်တော့ ပိုပြီးတော့တောင်မှ ထားခဲ့လို့ရတယ်။ မျိုးဆက် တစ်ခုမှတစ်ခု မျိုးဆက်ပေါင်းများစွာ ကိုယ်တတ်ခဲ့တဲ့၊ သိခဲ့တဲ့ကိစ္စတွေကို နောင်မျိုးဆက်တွေကို ပို့ချနိုင်တဲ့ အနေအထားမှာရှိလာတယ်။ အဲတော့ကျွန်မတို့ မိဘများဟာ ဆိုလို့ရှိရင် မွေးကတည်းကနေပြီးတော့ ကလေးလေးတွေကို ရှင်သန်နိုင်ဖို့ ၊ စားနိုင်ဖို့ ၊ သောက်နိုင် ဖို့၊ လမ်းလျှောက်နိုင်ဖို့၊ ထိုင်နိုင်ဖို့ ဒီလောက် သင်ပြရုံနဲ့ မပြီးတော့ဘူး။ အများကြီး ထပ်ပြီးတော့ သင်ပြနိုင်တာတွေရှိတယ်။ နောက်ပြီးတော့ မိဘတွေ ကိုယ်တိုင် လုံလုံလောက်လောက် မသင်ပြနိုင်လို့ ကျောင်းစနစ်ဆိုတာ ပေါ်လာတာပါ။ ကျောင်းတွေက ဒါပါပဲ။ မိဘတွေ မသင်ပြနိုင်တဲ့ ကိစ္စတွေကိုဖြည့်ဆည်းပေးဖို့၊ နောက်ပြောရမယ်ဆိုရင် မိဘတွေနဲ့ ကျောင်းတွေနဲ့ ပူးပေါင်းပြီးတော့ ကလေးတွေကို ပြည့်ဝတဲ့ လူသားတွေဖြစ်အောင်လို့ လုပ်ပေးတဲ့သဘောပါပဲ။ ကျွန်မတို့ လူငယ်များ ပိုပြီးတော့ တိုးတက်ဖို့ဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာရေးနဲ့ အားကစား ကဏ္ဍမှာ ကျွန်မတို့ အားပေးချင်ပါတယ်။ ပညာရေးဆိုတာကတော့ ထူးထူးထွေထွေ ပြောနေဖို့ မလိုပါဘူး။ ကျန်းမာရေးကလည်း ပြောနေဖို့မလိုပါဘူး။ အားကစားနဲ့ပတ်သက်လို့ ကျွန်မနည်း နည်းလေးပြောချင်ပါတယ်။ အားကစားဆိုတာ တစ်ချို့ကတော့ အားကစားနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ကျန်းမာရေးအတွက် လိုအပ်တယ်လို့ ထင်ပါတယ်။

ကျွန်မကတော့ ပိုပြီးအရေးကြီးတာ စိတ်ဓာတ်ရေးရာပဲလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားကစား တော်တော်များများဟာ အစုအဖွဲ့နဲ့ပဲ လုပ်ရတာပါ။ ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက် တစ်ခုက အစုအဖွဲ့နဲ့ အတူတူ လုပ်တတ်တဲ့ အရည်အချင်း မရှိတဲ့ဟာ ပါပဲ။ ဒါကြောင့်မို့ ကျွန်မတို့ ပညာရေးစနစ်မှာ အစုအဖွဲ့နဲ့ အတူတူ လုပ်တတ်ဖို့၊ လုပ်ဆောင်ဖို့ မသင်ပေးတာကြောင့်မို့လို့ ကိုယ်တစ်ယောက်တည်း အမှတ်အများဆုံး ရအောင် လုပ်တဲ့စနစ် ကနေပြီးတော့ ထွက်ပေါ်လာ တဲ့ စိတ်ဓာတ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ညီညွှတ်ရေး အတွက် စုပေါင်းလုပ်ဆောင်ရေးအတွက် အထောက်အကူမဖြစ်ပါဘူး။ ဒါပေမယ့်လည်း ဂုဏ်ယူပြီး ပြောရ မယ်ဆိုရင် ကျွန်မတို့ ပညာရေးစနစ်က အားနည်းခဲ့တယ်ဆိုပေမယ့် ကျွန်မတို့ ပြည်သူတွေရဲ့ စုစည်းမှု စိတ်ဓာတ်က ကောင်းပါတယ်။ တကယ်အရေးကြီးရင် သွေးစည်းကြစို့ဆိုတဲ့ စိတ်ဓာတ် ဟာ ကျွန်မတို့ ပြည်သူတွေထဲမှာ ရှိတယ်လို့ ယုံကြည်ပါတယ်။ ဘယ်လူ့အသိုင်းအဝိုင်းမှာမှ တစ်ရာ ရာခိုင်နှုန်း ညီညွှတ်တယ်၊ တစ်သဘောတည်း ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကျွန်မတို့နိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ အရေးကြီးရင် သွေးစည်းတယ် ဆိုတဲ့ စိတ်ဓာတ်ဟာ အခုထက်ထိ ရှင်သန်နေတယ်ဆိုတော့ ပညာရေးရဲ့ အားနည်းချက် တွေကို ကျော်လွှားနိုင်မယ်ဆိုတာ ကျွန်မတို့ လူငယ်တွေရဲ့ အလားအလားတွေလည်း အင်မတန် ကောင်းပါတယ်။ နိုင်ငံအတွက်လည်း အလားအလာတွေ အင်မတန်ကောင်းပါတယ်။ ဒီတော့ ကောင်းတဲ့ အရည်အချင်းတွေကိုတော့ ပိုြ့ပီးတော့ အားသန်အောင်လို့ လုပ်စေချင်တယ်။ ဒီစိတ်ဓာတ် တွေကို ထိန်းသိမ်း ထားစေချင်တယ်။ တစ်ချိန်တည်းမှာလည်း စုစည်းပြီးတော့ လုပ်နိုင်တဲ့ အရည်အချင်းတွေကို လေ့ကျင့် ယူစေချင်တယ်။

အဲတော့ မိဘတွေကလည်း လုပ်ပေးရမယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း လုပ်ပေးရမယ်။ မိဘတွေကလည်း အိမ်မှာတစ်ခါတည်း ဘယ်သူနဲ့ ပြိုင်ဖို့ဆိုတာချည်းပဲ မသင်ဘဲနဲ့ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ ကိုယ်ရဲ့ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ညီညီညာညာ လုပ်ဆောင်ဖို့ကို သင်ပေးဖို့လိုပါတယ်။ အခု ကျွန်မ နားလည်တာက ကျွန်မတို့ မိဘတွေ တော်တော်များများက စာမေးပွဲနဲ့ ပတ်သက်ရင် ဘယ်သူက ဘယ်တုန်း ကဖြင့် ဘယ်သူ့ သားသမီးကဖြင့် အမှတ်ဘယ်လောက်ရတယ်။ ပြိုင်တဲ့ဘက်ကို တွန်းပေးနေတဲ့ သဘောပါ။ ပြိုင်တာမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းတဲ့ပြိုင်ဆိုင်ခြင်းနဲ့ မကောင်းတဲ့ ပြိုင်ဆိုင်ခြင်း ရှိတယ်။ ကောင်းတဲ့ ပြိုင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့အရည်အချင်း တိုးတက် အောင်လုပ်ခြင်းအားဖြင့် တစ်ဖက် ကလည်း သူ့အရည်အချင်းတိုးတက်အောင် လုပ်တယ်ဆို တော့ အားလုံးအတွက် နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်ရှိပါတယ်။ မကောင်းတဲ့ ပြိုင်ဆိုင် ခြင်းဆိုတာကတော့ နောက်ဆုံးကျတော့ မနာလိုတဲ့ စိတ်၊ သဝန်တိုတဲ့စိတ်၊ ညစ်ချင်တဲ့စိတ်ကော ငါနိုင်ရင်ပြီးရော ဘယ်လိုညစ်ရညစ်ရ၊ ငါ့ဘက်က သာရင်ပြီးရော၊ ဘယ်လို ထိခိုက်ရ ထိခိုက်ရဆိုတော့ အဲလို စိတ်ဓာတ်ကတော့ မကောင်းပါဘူး။ ဒါ့ကြောင့် ကျွန်မတို့က အားကစားကို အားပေးတယ်ဆိုတာဟာ အားကစားလုပ်ခြင်းအားဖြင့် မှန်ကန်တဲ့ ယှဉ်ပြိုင်တဲ့ စိတ်ဓာတ်တွေ၊ ကောင်းမွန်တဲ့ အစုအဖွဲ့စိတ်ဓာတ်တွေကို အားပေးချင်လို့ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အခုခေတ်မှာတော့ အသုံးအနှုန်းက ခေတ်မစား တော့ဘူးပေါ့ နော်၊ နောင်ပြန်လာပြီး ခေတ်စားမလားတော့မသိဘူး။ အားကစားသမားများရဲ့ စိတ်ဓာတ် Sports Principle ၊ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဥပမာ ရှုံးလို့ ငိုတာတို့ ဘာတို့ဆိုရင် အားကစားသမားရဲ့ စိတ်ဓာတ် မရှိဘူးဆိုပြီး အဲလိုဝေဖန်ခံရတယ်။ တစ်ချို့တွေက လိုက်တမ်း ပြေးတမ်းကစားရင်တောင် တစ်ချိန်လုံးပဲ လိုက်နေရတယ်။ ပျင်းလာရော၊ ပျင်းလာတဲ့ အခါကျတော့ စိတ်ကောက်တာတို့၊ စိတ်ဆိုးတာတို့၊ မကစားဘူးလို့ ပြောတာတို့ လုပ်ခဲ့တယ်။ ငယ်ငယ်ကတည်းက မိဘတွေက သင်တယ်၊ အဲဒါ အားကစား စိတ်ဓာတ်မရှိတာပဲ၊ ကိုယ်က မဖမ်းနိုင်လို့ လိုက်နေရတယ်။ ဆက်ပြီးတော့ ကြိုးစားရမယ်။ မိအောင်လို့ ကြိုးစားရမယ်။ အဲဒီအားကစားသမား စိတ်ဓာတ်ရှိရမယ်ဆိုပြီးတော့ အမြဲတမ်း သင်ပေးလေ့ရှိတယ်၊ ကျွန်မတို့ ကျောင်းတွေမှာ ဒီလိုသင်ပေးတာ မကြားတော့ဘူး။ အားကစားသမားစိတ်ဓာတ်ဆိုတာလည်း သိပ်မကြား ရတော့ဘူး။ ဒီဟာတွေ ပြန်ပြီးတော့ ရှင်သန်အောင်လို့၊ ဒီအတွေးအခေါ်တွေ ပြန်ပြီး တော့ ရှင်သန်အောင်လို့ လုပ်ချင်ပါတယ်။ နောက်ပြီးတော့ကျွန်မတို့ဟာ အလုပ်အကိုင် အခွင့် အလမ်းတွေနဲ့ ပတ်သက်လို့ အလုပ်အကိုင် အခွင့်အလမ်းဆိုတာလည်း ပညာရေးနဲ့ ဆက်စပ်နေ ပါတယ်။ စိတ်ဓာတ်နဲ့ ဆက်စပ်နေပါတယ်။ လိုအပ်တဲ့ ပညာအရည်အချင်းတွေရှိမှပဲ အလုပ်ရ နိုင်မှာပါ။ အလုပ်ထဲမှာ အောင်မြင်ဖို့ ဆိုတာလည်း မှန်ကန်တဲ့ စိတ်ဓာတ်ဆိုတာ လိုပါတယ်။ အခုကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာကို အားပေး နေပါတယ်။

အသက်မွေးဝမ်းကျောင်းပညာကို အားပေးတယ်ဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့ တိုးတက် ရေးအတွက် ဖြစ်တယ်။ နောက်ပြီးတော့ ကျွန်မတို့ လူငယ်တွေကော၊ လူငယ်တွေရဲ့ မိဘတွေ ကောဟာ စိတ်ထား မှန်မှန်ကန်ကန် ထားတတ်စေချင်လို့လည်း ဖြစ်တယ်။ ဥပမာပြောရမယ် ဆိုရင် ပညာသင်တယ်ဆိုတာဟာ ဂုဏ်အတွက်ပဲ သင်တာ မဟုတ်ဘူး။ ပိုက်ဆံအတွက်ပဲ သင်တာမဟုတ်ဘူး။ စောစောက ကျွန်မပြောခဲ့သလိုပေါ့။ လူသားများဟာ ခေတ်တစ်ဆက်နဲ့ တစ်ဆက် ပို့ချပေး နိုင်အောင်လို့၊ ကောင်းတဲ့ အမွေတွေ၊ ပညာအမွေတွေ ထားပစ်ခဲ့နိုင် အောင်လို့ အဲဒါကြောင့်ပဲ ပညာသင်ရတာ ဖြစ်ပါတယ်။ ကျွန်မတို့ သင်ယူတဲ့ ပညာတွေဟာ ကျွန်မတို့ ကမ္ဘာကြီးအတွက်၊ လူသားတွေအတွက် တန်ဖိုးရှိရမယ်။ ဘွဲ့ရရုံနဲ့ ဘွဲ့ရတယ်ဆိုတဲ့ ဂုဏ်လေး ရှိသွားရုံနဲ့ လူသားတွေအတွက် တန်ဖိုးရှိသွားတာမဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာ ဆိုတာ ကိုယ့်နေတဲ့ နိုင်ငံ၊ အချိန်ကာလအတွင်းမှာ အကျိုးပြုနိုင်တဲ့ ပညာရပ်တွေကို ဆိုလိုတာပါ။ ဒါကြောင့်မို့လို ကျွန်မတို့ လူငယ်တွေဟာ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ယူဖို့ စိတ်အား ထက်သန်စေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ယူထားတာဟာ တက္ကသိုလ်က ဘွဲ့လောက်တန်ဖိုးမရှိဘူးဆိုတဲ့ စိတ်ဓာတ်ကို လုံးလုံးမထားပါနဲ့။ ကျွန်မ ခဏခဏသတိပေးပါတယ်။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး၊ အချမ်းသာဆုံးဖြစ်တဲ့ နိုင်ငံတစ်ချို့ ဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာဘက်က အင်မတန်မှအားသန်ပါတယ်။ တက္ကသိုလ် ပညာနဲ့ ယှဉ်ရုံတင်မကဘူး။ တစ်ချို့ဆိုလို့ရှိရင် တက္ကသိုလ်ပညာ ထက်တောင် သာနေတာကို တွေ့ရပါတယ်။ လက်တွေ့ကျကျ တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ပါပဲ။ ဂုဏ်ပကာသနကို ကြည့်တာမဟုတ်ဘဲနဲ့ တကယ့် စစ်မှန်တဲ့ တန်ဖိုးကို အလေးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အသက်မွေးဝမ်းကျောင်းပညာဘက်ကို သွားဖို့ လူငယ်တွေကို ကျွန်မတိုက်တွန်းချင်ပါတယ်။ ဒါကတော့ အပေါင်းလက္ခဏာဆောင်တာပေါ့၊ အနုတ်လက္ခဏာ ဆောင်တဲ့ ကိစ္စတွေ ရှောင်ကြဉ်ရတဲ့ အထဲမှာ စိတ်ဓာတ်ဘက်က ပြန်ပါလာပြန်ပါတယ်။ စိတ်ဓာတ်ဘက်က ပါတယ်ဆိုတာ စောစောက ပြောသလိုပေါ့။ တစ်ယောက်နဲ့တစ်ယောက် မကောင်းတဲ့ ယှဉ်ပြိုင်ချင်တဲ့ စိတ်ဓာတ် တွေ၊ အဲဒါတွေဟာ ငယ်ငယ်ကတည်းက အလေ့အကျင့်မလုပ်မှ ဖြစ်ပါလိမ့်မယ်။ မိဘတွေကလည်း အားမပေးသင့်ပါဘူး။ ဆရာသမားတွေကလည်း အားမပေးသင့်ပါဘူး။ လူငယ်တွေ ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ်သတိပြုဖို့ လိုပါတယ်။

နောက်ဆုံးပြောရင် ကိုယ့်ကိုကိုယ် ကိုယ်ပဲပြင်နိုင်တယ်။ မိဘတွေ ဆရာတွေဆိုတာ အထောက်အကူပဲ။ ဆရာဝန်တောင်မှ ဆရာဝန်က ကုနိုင်မှာ မဟုတ်ဘူး။ လူနာက သူကိုယ့်သူ ကုရမယ်။ ဆရာဝန်က အထောက်အကူပဲ။ ဆရာဝန်က ဘယ်လိုကုသရမယ်ဆိုတာကို လမ်းညွှန်လိုက်တာပဲ။ အထောက်အပံ့ ပေးလိုက်တာပဲ။ ဆရာဝန် က ဆေးပေးလို့ လူနာက မသောက်လို့ရှိရင် သက်သာမှာမဟုတ်ဘူး။ လူနာက ကိုယ့်ကိုကိုယ် ကုသရတယ်။ ဒီနည်းလမ်းအတိုင်းပဲ၊ ကျွန်မတို့ စိတ်ဓာတ်တွေ ပြုပြင်ဖို့ဆိုလို့ရှိရင်၊ ကျွန်မတို့ လုပ်နည်းကိုင်နည်းတွေ မှန်ကန်ဖို့ဆိုလို့ရှိရင် ဆရာသမားတွေကော၊ မိဘတွေကော အထောက်အကူ မျှသာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။ မှန်ကန်တဲ့ စိတ်ဓာတ်တွေကို မွေးမြူစေချင်တယ်။ ကျွန်မတို့ ကမ္ဘာကြီးမှာ အင်မတန်မှ လောဘတက်နေတယ်လို့ ဆိုရမှာပဲ။ တစ်ချို့ကမေးမယ်၊ လောဘဆိုတာ လူသားတွေ စပြီးရှိကတည်းက ပေါ်လာခဲ့တာမဟုတ်ပါဘူး။ မှန်ပါတယ်။ဒါပေမယ့် လောဘကြီးစရာ အရာတွေက သိပ်များတဲ့ အခါကျတော့ ပိုပြီးတော့ လောဘတွေတက်ပါတယ်။ ဒီအခန်းထဲမှာ ကြည့်လိုက်ရင် ဒီလို မီးဆိုင်းကြီးတွေ ပေါ့နော်၊ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဒီလိုဆင်ထားတဲ့မီးကြီးတွေက ကျွန်မတို့နိုင်ငံက အဆောက်အဦ ထဲမှာ မရှိဘူး။ မရှိတဲ့အခါကျတော့ ဘယ်သူကမှလည်း ဒီဟာတွေကို တပ်ဖို့ ဘာဖို့ မစဉ်းစားဘူး။ ဒီဟာအတွက် ငွေရေးကြေးရေး ရှာစရာမလိုဘူး။ ဒါဟာကမ္ဘာကြီးကတော့ ဒီလိုပဲဖြစ်နေမှာပဲ။ ကျွန်မတို့နိုင်ငံတင် မဟုတ်ဘူး။ တခြားနိုင်ငံမှာ တိုးတက်သလောက် ကျွန်မတို့ ကလည်းလိုက်ပြီး တိုးတက်ချင်မှာပဲ။ ဒါက သဘာဝကျပါတယ်။ လိုချင်စရာတွေ ပိုများလာတာနဲ့ အမျှ လူတွေက လောဘ တက်လာတယ်။ လောဘနဲ့ ဒေါသတွေကလည်း လိုက်လာတာ ပေါ့နော်။ ပစ္စည်းတစ်ခုကို တစ်ယောက်မက လိုချင်လို့ရှိရင် အကြံတူ ဉာဏ်တူ ဆိုသလိုပေါ့။ တခြား လိုချင်တဲ့သူတွေနဲ့ ရန်ဘက်ဖြစ်လာပါတယ်။ အဲဒီလို လောဘတွေ ဒေါသတွေ အင်မတန်မှ တက်လာတဲ့ ကမ္ဘာကြီးမှာ ကျွန်မတို့နိုင်ငံက ထူးထူးခြားခြား ဒီလောဘဒေါသတွေကို ထိန်းနိုင်မယ် ဆိုလို့ရှိရင် လောဘ၊ ဒေါသ၊ မောဟပေါ့၊ မောဟဆိုတာကတော့ လောကီအရ ဆိုရင်တော့ ပညာရေးစနစ် ကောင်းကောင်းနဲ့ ထိန်းကျောင်းရမှာပေါ့။ လောဘ၊ ဒေါသကတော့ ကိုယ့်ဟာကို ထိန်းရမယ်။ လူငယ်တွေက ကိုယ့်ဟာကိုယ် ပြုပြင်နိုင်တဲ့ အနေအထားရှိလို့ ပြုပြင်ကြပါ။ ဒီအခွင့်အရေးကြီးကို မလွတ်ပါနဲ့။ အသက်ကြီးလာပြီးတော့ အင်္ဂတေကိုင်သလို ကိုင်ပြီးသွားရင် နည်းနည်းပြုပြင်ရခက်ပါတယ်။ ကျွန်မတို့ လူကြီးတွေကို ပြုပြင်ရတာ သိပ်မလွယ်ဘူး ဆိုတာ သဘောပေါက်ပါတယ်။ ပြုပြင်နိုင်တဲ့ အရည်အချင်းက ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ခဏခဏပြောပါတယ်။ တော်တာ၊ မတော်တာကို မခွဲခြားဘူး။ သင်လို့ရတဲ့ လူနဲ့ မရတဲ့ လူဆိုတာကို ခွဲခြားပြီးမြင်ပါတယ်။ ပြောပြီးတော့ ပြောရတဲ့အကြောင်း တစ်ကြောင်းက ကျွန်မတို့ ဇာတ်တော်တွေ ထဲမှာဆိုရင် ဇာတ်တော်ကို ကျွန်မ ခဏခဏ ဖတ်ရပါတယ်။ ဒီဇာတ်တော်ကို မြတ်စွာဘုရားကနေပြီးတော့ သင်ရခက်တဲ့ ရဟန်းတော်တစ်ပါးကို အကြောင်းပြုပြီး ဟောလိုက်ရတာပါ။ အော်၊ မြတ်စွာဘုရား တောင် တော်တော်ခက်ခက်ခဲခဲနဲ့ ရဟန်းတွေကို သင်ပေးရတယ်ဆိုတော့ ကျွန်မတို့ လောကကြီးမှာ သင်ရခက်တဲ့လူ တော်တော်များမှာပဲလို့ ကျွန်မသဘောပေါက်မိပါတယ်။ အဲတော့ ကိုယ့်ကိုကိုယ် သင်ရလွယ်တဲ့လူ ဖြစ်အောင် ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင်က နေပြီးတော့ သင်ယူပါ။ ကိုယ်ကလည်း တခြားလူတွေကို သင်ပေးဖို့ဟာကို သဝန်မတိုပါနဲ့။ မျှဝေပါ။ ကိုယ့်မှာရှိတဲ့ ပညာတွေကိုမျှပါ။ မျှခြင်းအားဖြင့် ပွားများပါတယ်။ သက္ကတ စကားပုံ တစ်ခုရှိ ပါတယ်။ ပညာဟာ တခြားဟာတွေနဲ့ မတူဘူးပေါ့။ မျှလေမျှလေ ပွားလေ၊ ကိုယ့်အတွက်လည်း လုံးလုံး မလျော့သွားဘူးတဲ့။ ဖယောင်းတိုင်လေးတစ်တိုင်ကနေ ဖယောင်းတိုင် တစ်ရာလာပြီး မီးညှိလို့လည်း ပထမ ဖယောင်းတိုင်ရဲ့ မီးက မသေးသွားဘူး။ သို့သော်ငြားလည်း ဒီဖယောင်းတိုင် ငြိမ်းသွားလည်း သူထားပစ်ခဲ့တဲ့ ဖယောင်းတိုင်တွေက ဆက်ပြီးတော့ အလင်းရောင် ပေးနေတယ်။ ဒါကြောင့်မို့ ပညာမျှခြင်းဆိုတာ တခြား ဟာတွေ ဝေမျှခြင်းနဲ့ လုံးဝမတူပါဘူး။ ကိုယ့်အတွက်ပါ ပွားပွားသွားပါတယ် ဆိုတာကို ကျွန်မတို့ လူငယ်တွေ စိတ်ထဲမှာ ထားစေချင်ပါတယ်။ ဒါကတော့ အပေါင်းလက္ခဏာဆောင်ခြင်းအားဖြင့် လုပ်စေချင်တဲ့ကိစ္စပါ။ အနုတ် လက္ခဏာနဲ့ ပတ်သက်လို့ကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်မ ထောက်ပြချင်ပါတယ်။ မူးယစ်ဆေးဝါး အန္တရာယ်ပါ။ ဒါကိုတော့ ကျွန်မတို့နိုင်ငံက လူငယ်တွေ တော်တော်များများဟာ မူးယစ်ဆေးဝါးအန္တရာယ်နဲ့ နိစ္စဓူဝ ရင်ဆိုင်နေရတယ်။ ဒီအန္တရာယ်ကို ကျော်လွှားနိုင်တဲ့သူ ရှိသလို မကျော်လွှားနိုင်ဘဲ ဘဝနစ်မြှုပ်သွားတဲ့ လူငယ်တွေလည်း ရှိပါတယ်။ အဲဒါကိုတော့ အထူးသတိထားစေချင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးကိုလည်း ပံ့ပိုး စေချင်ပါတယ်။ ကူညီစေချင်ပါတယ်။ ဒီလိုမြှောက်မပေးပါနဲ့။ ကျွန်မ မကြိုက်တဲ့ အကျင့်တစ်ခုက အထူးသဖြင့် အမျိုးသားတွေ ကြားထဲမှာ၊ ယောကျာၤးတွေကြားထဲမှာ ဖြစ်တတ်တာရှိတယ်။ မင်းယောကျာ်းမဟုတ်ဘူး။ မလုပ်ရဲဘူးလား။ မလုပ်ရဲဘူးပဲ ပြောလိုက်ပါပေါ့။ မဟုတ်တာ လုပ်တာကို မလုပ်ရဲတာ ဘာဖြစ်လဲ။ မဟုတ်တာ လုပ်တာကို လုပ်ရမှာ ကြောက်တာ ဘာဖြစ်လဲ။ အေးကွာ၊ ငါကြောက်တယ်၊ ပြောလိုက်တာ ဘာဖြစ်လဲ၊ အဲဒီလို နည်းနဲ့ မသောက်ရဲဘူးလား၊ မစားရဲဘူးလား ဆိုပြီးတော့ သွေးထိုးပေးတာတွေကြောင့်မို့လို စိတ်က မပါသွားပါနဲ့။ အဲဒီဟာကို လက်ခံတာဟာ ကိုယ့်ညံ့တာကို ပြတာပဲ၊ ကိုယ်သတ္တိရှိတာ မဟုတ်ဘူး။ သတ္တိမရှိတာပဲ၊ သတ္တိကြောင်တာပဲ၊ မဟုတ်မှန်း သိလျက်သားနဲ့၊ မမှန်မှန်း သိလျက်သားနဲ့ သူများရဲ့ ဖိအားကို မလွန်ဆန် နိုင်တာ၊ အဲဒီတော့ မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ်လည်း ထိန်းသိမ်းသလို ကိုယ်ရဲ့ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေးပါ။ ကိုယ်ကိုယ်တိုင်က မူးယစ်ဆေးဝါး သောက်နေပြီဆိုရင် ဒါတွေကတော့ လူတွေရဲ့ သဘာဝပေါ့နော်၊ ကိုယ်မကောင်းလို့ရှိရင်၊ ကိုယ့်ကိုကိုယ် ညှာပြီး စဉ်းစားနိုင်အောင် လူများတွေပါ မကောင်းအောင် လိုက်လုပ်တဲ့ အကျင့်လေးတွေရှိတယ်။

အဲဒီတော့ အဲဒီအကျင့်လေးတွေကိုလည်း ဖျက်ပါ။ ကိုယ်က မူးယစ်ဆေးဝါးစွဲနေတယ်၊ ဒုက္ခရောက် နေတယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းတွေကို မင်းတို့ ငါ့လို မလုပ်နဲ့ဆိုတဲ့ ပြောရဲတဲ့ သတ္တိရှိဖို့ လိုတယ်။ ပြောရဲတဲ့ စေတနာ၊ ပြောချင်တဲ့ စေတနာရှိဖို့လိုပါတယ်။ အားလုံး ကလည်း ဝိုင်းပြီးတော့ ကိုယ့်ရဲ့ မိတ်ဆွေတွေ ဒီလိုပြသနာတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဝိုင်းပြီး ကူညီကြပါ။ အထင်မသေးပါနဲ့။ ဒီတစ်ယောက်ကတော့ ဆေးသမားပဲ ဆိုပြီးတော့၊ ကိုယ်လည်း အခြေအနေကြောင့်မို့လို့ ဆေးသမားမဖြစ်လိုပါဘူး။ သူ့ပတ်ဝန်းကျင်၊ သူ့အခြေအနေမှာ ကိုယ်ကြီးလာရင် ကိုယ်ကိုယ်တိုင်က ဆေးသမား ဖြစ်နိုင်မလား၊ ဖြစ်နိုင်တာပေါ့၊ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ကူညီပါ၊ အထင်မသေးပါနဲ့၊ ကိုယ့်ကိုကိုယ်လည်း စောင့်ရှောက်ပါ။ လူများတွေ မြှောက်ပေးတိုင်းလည်း မလုပ်ပါနဲ့၊ အဲတော့ ကျွန်မတို့ တခြားကိစ္စတွေကတော့ ကျွန်မထင်တယ်၊ ဆရာ ဝင်းမြတ်အေးနဲ့ ဒေါက်တာမျိုးသိမ်းကြီးက ခဏခဏ ပြောနေမယ့်ကိစ္စတွေမို့ ကျွန်မ ထပ်ပြီးတော့ မပြောတော့ ပါဘူး။

အခုကျွန်မတို့ အနာဂတ်ကို တည်ဆောက်တဲ့ ကိစ္စဆိုတာဟာ ဘယ်တော့မှ မပြီးနိုင်တဲ့ ကိစ္စ ဆိုတာလည်း ကျွန်မသတိပေးချင်ပါတယ်။ အနာဂတ်ဆိုတာ ဆောက်လို့မပြီးနိုင်တဲ့ အဆောက်အအုံကြီးလိုပါပဲ။ မျိုးဆက် တစ်ဆက်နဲ့တစ်ဆက်က အခန်းလေး နောက်တစ်ခုထပ်ပြီးတော့ ထည့်သွားမယ်။ တစ်ခါတစ်လေ လည်း အရင်မျိုးဆက်တွေထဲက ဆောက်ခဲ့တဲ့ ပျက်သွားတဲ့နေရာလေးတွေကို ပြန်ပြင်သွားမယ်၊ ဆေးပြန် သုတ်မယ်၊ ပိုပြီးတော့ ချဲ့မယ်၊ ခြံကို ပိုပြီးတော့ လှအောင်လုပ်မယ် စသဖြင့် ဆက်ဆက်လုပ်သွားရမှာပဲ။ ဘယ် မျိုးဆက်ရဲ့ ခေတ်မှာမှ ဒီအလုပ်ဟာ ပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လူတိုင်းလူတိုင်းဟာ ကျွန်မတို့ နိုင်ငံ အနာဂတ်ရဲ့ ပိသုကာကောင်းများ ဖြစ်အောင်လို့ အရည်အချင်းတွေ မွေးမြူပါ၊ ဒါပေမယ့် ပိသုကာဆိုတော့ တစ်ချို့က ပိသုကာ ဆိုတာဟာ အကြံအစည် Plan တွေ ချတာလို့ မြင်ပါတယ်။ ကျွန်မတို့က ပိသုကာ ကောင်းတွေနဲ့တင် မလုံလောက်ပါဘူး။ ပန်းရံသမား ကောင်းကောင်းလည်း လိုပါတယ်။ အဆောက်အအုံ တစ်ခု ကောင်းဖို့ဆိုတာ ပန်းရံသမားကလည်း တော်ရမယ်၊ ဆေးသုတ်သမားကလည်း တော်ရမယ်။ ဒီလက်သမား ကလည်း တော်ရမယ်။ ပိသုကာတင်မဟုတ်ပါဘူး။ တစ်ချို့က ပိသုကာအလုပ်ပဲ လုပ်ချင်ပါတယ်။ ပိသုကာ အလုပ်ပဲ လုပ်ချင်လို့ရှိရင် ပိသုကာက ထိုင်ပြီးတော့ အိမ်ပုံစံတွေ ဆွဲနေမယ်၊ ဆောက်ပေးမယ့်သူ မရှိရင်လည်း အလကားပဲ။

ဒီတော့ အားလုံးဟာ လူတိုင်းဟာ ကိုယ့်ကဏ္ဍနဲ့ ကိုယ်ရှိတယ်။ ကိုယ့်ရဲ့ တန်ဖိုးနဲ့ကိုယ် ရှိတယ်၊ ကိုယ့်ကိုကိုယ်လည်း အထင်မသေးပါနဲ့။ အထင်လည်း သိပ်မကြီးပါနဲ့။ သူများကိုလည်း အထင်မသေးပါနဲ့၊ သိပ်လည်းအထင်မကြီးပါနဲ့။ သိပ်လည်း အထင်မကြီးပါနဲ့လို့ ပြောချင်တာက မနာလို ဖြစ်လောက်အောင် အထင်မကြီးပါနဲ့၊ လူတစ်ယောက်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတာဟာ ကောင်းတဲ့ကိစ္စပါ၊ ဒါပေမယ့် မနာလိုတဲ့ အဆင့်အထိ အထင်ကြီးသွားရင် မကောင်းပါဘူး။ ကိုယ့်ကိုကိုယ်လည်း သိပ်အထင်မကြီးပါနဲ့၊ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့သူတွေက ဘယ်တော့မှ ထပ်ပြီး သင်လို့မရတော့ဘူး။ သင်ရခက်တဲ့၊ သင်ရ အခက်ဆုံး လူတွေထဲမှာ ငါအားလုံးသိပြီဆိုတဲ့ လူမျိုးပဲ၊ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း သိပ်ပြီးအထင်မကြီးပါနဲ့၊ ဒါပေမယ့်လည်း သိပ်ပြီး အထင်လည်းမသေးပါနဲ့။ ကိုယ့်ကိုကိုယ် အထင်သေးပြီး ယုံကြည်မှု နည်းလို့ရှိရင် တိုးတက်မှု မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ အခါကျတော့ မစွန့်စား ရဲဘူးပေါ့၊ ကျွန်မ ခဏခဏ သတိပေးပါတယ်။ ဘဝဟာ စွန့်စားမှုပဲ၊ စွန့်စားရမယ်၊ နေ့စဉ် စွန့်စားသွားရမယ့် ကိစ္စ၊ ဒါ့ကြောင့်မို့လို့ စွန့်စားရဲတဲ့ သတ္တိရှိပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသင့်သလောက်တော့ ရှိဖို့လိုပါတယ်။ ယုံကြည်မှု လွန်သွားလို့ရှိရင်တော့ မကောင်းဘူးပေါ့၊ ဘာမဆို လွန်ကဲတယ်ဆိုတာ မကောင်းဘူး။ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ရတဲ့ အတိုင်းပေါ့။ သတိကလွဲပြီး ဘာမဆို လွန်ကဲတယ်ဆိုတာ မကောင်းဘူး ဆိုတာ၊ ဘာမဆို လွန်ကဲတဲ့ဟာ မရှိဘဲနဲ့ သတ္တိရှိရှိနဲ့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ၊ ကျွန်မတို့ လူသားတွေရဲ့ အနာဂတ်အတွက် ကျွန်မတို့ လူငယ်များဟာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်မ မျှော်လင့် ပါတယ်။ အဲဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေး နိုင်ဖို့ အခုဒီနေ့ အခမ်းအနားနဲ့ သက်ဆိုင်တဲ့အလုပ်တွေဟာ အားလုံးဟာ သက်ဆိုင်နေပါတယ်။ အဲဒါကြောင့်မို့လို့ လူငယ်ရေးရာမူဝါဒကို ဆက်စပ်ဝန်ကြီး ဌာနများ၊ လူငယ်များအားလုံး တက်ညီလက်ညီဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါလို့ ဒေါက်တာဝင်းမြတ် အေးက ကျွန်မကို တိုက်တွန်းခိုင်းလိုက်ပါတယ်။ အဲတော့ တိုက်တွန်းပါတယ်" ဟု ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒစာအုပ် အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် မူဝါဒရေးဆွဲရေး ဦးဆောင်ကော်မတီဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မူဝါဒရေးဆွဲရေးဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာမျိုးသိမ်းကြီး တို့ထံ လူငယ် ရေးရာမူဝါဒစာအုပ်အား လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် လူငယ်ရေးရာ မူဝါဒရေးဆွဲရေးဆိုင်ရာ မှတ်တမ်းတင် ဗွီဒီယိုကို ပြသသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်မူဝါဒရေးဆွဲရေးကော်မတီ (၃) ရပ်တွင် ပါဝင်သော ကော်မတီဝင်များနှင့် လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်များနှင့် အဖွဲ့အစည်းအသီးသီးမှ လူငယ် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ လူငယ်ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး ၎င်းတို့အနက် လူငယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကြုံး ဝင်နိုင်သော အသက်အပိုင်း အခြားအလိုက် လူဦးရေ အချိုးအစားမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ် မှ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်မှ ၂၉ နှစ် အထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ အသက် ၃၀ နှစ်မှ ၃၄ နှစ်အထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

 

FacebookTwitter