UEHRD ပြည်ထောင်စုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊ သံအမတ်ကြီးတို့က သီးခြားစီလာရောက်တွေ့ဆုံ

၁၉-၁-၂၀၁၈၊ နေပြည်တော်

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊သံအမတ်ကြီး H.E Mr. Hhristian Schmidt တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။

                ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Longက ထိုင်းနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် စီမံကိန်းများဆောင်ရွက်နေပါကြောင်း၊ အထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများ ပြုပြင်ခြင်း၊ ရပ်ရွာပိုင်ဆန်စက်ထူထောင်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုပါ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်းဆုံးကြိုးစားကူညီသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး နေရပ်စွန့်ခွာသူများပြန် လည်လက်ခံရေးလုပ်ငန်းစဉ်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။                      

             ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက်ဗဟိုကော်မတီ၊ အကြံပြုချက်များ အကောင် အထည်ဖေါ်ရေးကော်မတီနှင့်UEHRD ပြည်ထောင်စုစီမံကိန်းတို့ဖြင့် ငြိမ်းချမ်းရေး၊ ပြန်လည် ထူထောင်ရေး ဘက်စုံဖွံဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံသဘောတူ ညီချက်အရ နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းများ မကြာမီစတင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့်လူကြောင့်ဖြစ်သော ဘေးအန္တရာယ်ဒါဏ်ခံရသော ရခိုင်ပြည်နယ်အား ဦးစားပေးဆောင် ရွက်နေခြင်းဖြစ်ပါကြောင်း၊ မိတ်ဆွေနိုင်ငံများ၏အကူအညီများအတွက် ဝမ်းမြောက်ပါကြောင်းပြော ကြားပါသည်။                                                                               UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)အား စိုက်ပျိုးရေးကဏ္ဍတွင်အသုံးချသည့် (Smart Farming) ခေတ်မီ စိုက်ပျိုးရေးလုပ်ငန်းများ ရခိုင်ပြည်နယ်တွင်စတင်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လည်း တိုင်းရင်းသားအရေးနှင့် တိုင်းရင်းသားဒေသများဖွံဖြိုးရေး ဦးစားပေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထိုင်းနိုင်ငံ၏ “ရွာတစ်ရွာထုတ်ကုန်တစ်ခု” “One Tambon One Produet (OTOP) ” အစီအစဉ်နှင့်ပတ်သက်ပြီး အကြံဉာဏ်များ၊ အတွေ့အကြုံများရယူလိုပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် ထိုင်းနိုင်ငံမှ ပူးပေါင်းပါဝင်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။ ယင်းနောက်  ရခိုင်ပြည်နယ်တွင်ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ထိုင်းနိုင်ငံအစိုးရက လှူဒါန်းသော အမေရိကန်ဒေါ်လာ (၂၅၀၀၀၀)ကို မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် သံအမတ်ကြီးက မကြာသေးမီက ရခိုင်ပြည်နယ်သို့သွားရောက်၍ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား သွားရောက်လေ့လာခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ကြိုးပမ်း ဆောင်ရွက်ချက်များကိုတွေ့မြင်သိရှိပါကြောင်း၊နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ၏ တိုးတက်မှု၊ ရင်ဆိုင်ရသောစိန်ခေါ်မှုများအား ကမ္ဘာမှသိရှိနားလည်စေရေး နိုင်ငံတကာသတင်း မီဒီယာများအား ဖိတ်ခေါ်လေ့လာစေလိုပါကြောင်း၊ UEHRD၏ ဦးဆောင်မှုဖြင့် ဥရောပသမဂ္ဂမှ ကူညီထောက်ပံ့ပေးနိုင်မည့် ကဏ္ဍများအား အကြံပြုစေလိုပါကြောင်း၊ ဒေသတွင်းနေထိုင်သူများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများအား မေးမြန်းဆွေးနွေးခဲ့ပါ သည်။

          ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းငြိမ်းချမ်းရေးနှင့်သဟဇာတဖြစ်ရေးကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊တည်ငြိမ် ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီကိုလည်း ဖွဲ့စည်း၍ အကြံပြုချက်များ အား ဦးစားပေးကဏ္ဍများရွေးချယ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာ ကူညီမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန်အတွက် UEHRD မှတဆင့် ဆောင်ရွက်နေပါကြောင်း၊ နှစ်နှိင်ငံသဘောတူညီချက်အရ ယခုလ(၂၃)ရက်နေ့မှစတင်၍ နိုင်ငံတွင်းပြန်လည် ဝင်ရောက်လိုသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစံညွှန်းနှင့်အညီ မြို့ရွာစီမံကိန်းများချမှတ်၍ စနစ်တကျတည်ဆောက်ပြီး ပြန်လည် နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေး (National Verification Card) ကတ်များ ထုတ်ပေးရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သံတမန်များနှင့် နိုင်ငံတကာသတင်းမီဒီယာများ လေ့လာသတင်းယူခွင့်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဥရောပသမဂ္ဂအနေဖြင့် ထောက်ပံ့ကူညီနိုင်မည့်ကဏ္ဍများအား ဆွေးနွေးအကြံ ပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter